စစ်ခေါင်းဆောင်အားကိုးရတဲ့ ရန်ကုန်ကဗိုလ်ချုပ်တစ်ဦးကို မြို့ပြပြောက်ကျားတပ်ဖွဲ့ရှင်းလင်း
- BVJ
- May 22
- 1 min read
လေတပ်က လေယာဉ်မှူးတွေရဲ့အချက်အလက်ကိုလည်း စုဆောင်းနေဟု ထုတ်ပြန်
BVJ/မိုနာ_ မေ ၂၂၊ ၂၀၂၅

စစ်တက္ကသိုလ်မှာ နိုင်ငံတော်လုံခြုံရေးသင်ကြားနေတဲ့ ဗိုလ်ချုပ်တစ်ဦးကို ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာ ဒီနေ့မနက်ကရှင်းလင်းခဲ့ပြီး မစ်ရှင်အောင်မြင်တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့တခုဖြစ်တဲ့ Golden Valley Warriorsက အခု မေ ၂၂ရက် နေ့လယ်မှာ ထုတ်ပြန်ပါတယ်။
ဗိုလ်ချုပ်ချိုထွန်းအောင်ဆိုသူကို မရမ်းကုန်း၊အေဝမ်းလမ်းမပေါ်မှာ မစ်ရှင်ပြုလုပ်ခဲ့တာဖြစ်ပြီး ရဲဘော်တွေလည်း လုံခြုံတယ်လို့ ပြောထားပါတယ်။
အခုမစ်ရှင်ပြုလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ချိုထွန်းအောင်ဟာ စစ်တပ်ကဗိုလ်ချုပ်ကြီးအဆင့်တွေတက်ရောက်ရတဲ့ စစ်တပ်ရဲ့အဆင့်မြင့်စစ်သင်တန်းကျောင်းဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (National Defense College-NDC)မှာ Internal Security & Counterterrorism (နိုင်ငံတော်လုံခြုံရေးနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး) ဘာသာရပ်နဲ့ နိုင်ငံတကာဆက်ဆံရေး ဆိုတဲ့ ဘာသာရပ်နှစ်ခုကို သင်ကြားပေးနေသူ ဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ခုနှစ်မှာ ပေးအပ်ထားတဲ့ ၀ဏ္ဏကျော်ထင်ဘွဲ့ရ အငြိမ်းစားတစ်ဦးဖြစ်ကြောင်းနဲ့ ဘရူးနိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံသံအမတ်အဖြစ်ပါ ဆောင်ရွက်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
အငြိမ်းစားယူထားပေမယ့် လက်ရှိမှာစစ်တပ်ရဲ့ နေ့စဉ်လူမဆန်မှုတွေအတွက် စစ်ဘက်ဆိုင်ရာ သင်ကြားပို့ချနေသူတွေကို စစ်ရေးပစ်မှတ်ထားသတ်မှတ်ခြင်းဖြစ်တယ်လို့ Golden Valley Warriorsက ထုတ်ပြန်ထားပါတယ်။

“အခုဖြစ်စဥ်က မှန်တယ်။ သူက တေဇအပတ်စဉ် ၅ က အငြိမ်းစားသံအမတ်ကြီးလည်းဖြစ်တယ်။ သူ့အိမ်ရှေ့ လမ်းမပေါ် လမ်းလျှောက်နေတဲ့အချိန်မှာ လူ ၄ ဦး လာပစ်သွားတာပါ” လို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM စစ်ဘက်အရာရှိတစ်ဦးကလည်း Burma VJ ကို အတည်ပြုပြောပါတယ်။
စစ်ခေါင်းဆောင်ဟာ သူအားကိုးရတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ အကြံဉာဏ်ကိုလဲရယူပြီး ပြည်သူ့စစ်မဟာဗျူဟာကို စစ်မှုထမ်းဟောင်းအဖွဲ့အင်အားနဲ့ လုပ်ဆောင်ပြီး အဲ့ဒီအဖွဲ့ရဲ့တိုင်းအဆင့်ခေါင်းဆောင်တွေထဲမှာ ဗိုလ်ချုပ်ချိုထွန်းအောင်ပါဝင်တယ်လို့လည်း Golden Valley Warriorsက ဖော်ပြပါတယ်။
ဗိုလ်ချုပ်ချိုထွန်းအောင်မစ်ရှင်နဲ့ပတ်သက်ပြီး Golden Valley Warriorsအဖွဲ့တာဝန်ရှိသူတစ်ဦးက “GVW မြို့ပြရဲဘော်ရဲဘက်တွေအားလုံး လုံခြုံဘေးကင်းပါတယ်။ ပစ်မှတ်ကို အချိန်ယူ စောင့်ကြည့်အတည်ပြုတဲ့ လုပ်ငန်းစဉ်အပါဆိုရင် ဒီမစ်ရှင်တခုအတွက်အချိန် ၄ လလောက် ယူလိုက်ရပါတယ် ။ ကျနော်တို့ ရန်သူ့ထောက်တိုင်တွေကိုစနစ်တကျ စာရင်းပြုစုပြီး ထောက်လှမ်းနေတာလဲရှိပါတယ်။ သေချာပြောနိုင်တာကတော့ အနန့်ပါ၊လက်ယက်ကုန်း၊ ပဇီကြီး၊ ဒီပဲယင်း ကိစ္စတွေ တခုမှ ကျနော်တို့မမေ့ဘူး တရားမျှတမှုကို မရရတဲ့နည်းနဲ့ယူမယ် စောင့်နေပါ။ ဒါပဲ ပြောချင်ပါတယ်” လို့ Burma VJကို ပြောပါတယ်။
ဒါ့အပြင် Golden Valley Warriorsအဖွဲ့အနေနဲ့ စစ်ကောင်စီတပ်ရဲ့ အကြီးစားထောက်တိုင်တွေကို စဉ်ဆက်မပြတ်သတင်းထောက်လှမ်းပြီး စစ်ကောင်စီလေတပ်ရဲ့ လေယဉ်မှူးတွေအချက်အလက်ကိုလည်း သတင်းစုဆောင်းနေတာကြောင့် သိထားတာတွေရှိရင် သတင်းပေးပို့ကြဖို့ကိုလည်း တောင်းဆိုထားပါသေးတယ်။
Comments