မြန်မာနိုင်ငံအပေါ် အာဆီယံမရိုးသားဟု စစ်အုပ်စုလွှတ်တော်ဆွေးနွေး
- BVJ

- Jul 8
- 1 min read
မိုနာ/BVJ_ဇူလိုင် ၈၊ ၂၀၂၆

မြန်မာနိုင်ငံအပေါ် အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်နဲ့ ဆုံးဖြတ်ချက်၊ရပ်တည်ချက်တွေကြောင့် နိုင်ငံတွင်းဆူပူအကြမ်းဖက်မှုတွေပိုကြီးထွားလာတယ်လို့ စစ်အုပ်စုလွှတ်တော်ကိုယ်စားလှယ်တွေက ပြောဆိုကြပါတယ်။
မနေ့က ဇူလိုင် ၇ရက်မှာကျင်းပတဲ့ စစ်အုပ်စုရဲ့ပြည်ထောင်စုလွှတ်တော်မှာ "အာဆီယံထုတ်ပြန်ချက် (၅) ရပ်သည် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံ၏တန်းတူရည်တူရှိမှုကို ထိခိုက်စေပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရန်ဟူသော အာဆီယံ၏ အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အတွက် လိုအပ်သကဲ့သို့ သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန်"တိုက်တွန်းကြောင်းအဆိုနဲ့ပတ်သက်ပြီး စစ်အုပ်စုလွှတ်တော်ကိုယ်စားလှယ်တွေကဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
အဲ့ဒီအဆိုကို ကြံ့ခိုင်ရေးပါတီ-USDPလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်ကတင်သွင်းခဲ့တာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၂ယောက်က ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။
သူတို့ဆွေးနွေးချက်ထဲမှာ အာဆီယံအနေနဲ့မြန်မာ့အရေးကိုအဖွဲ့ဝင်နိုင်ငံတွေကိုကြိုတင်ချပြညှိနှိုင်းတာမဟုတ်ဘဲ အစည်းအဝေးပြီးမှသာ ဥက္ကဌရဲ့ကြေညာချက်နောက်ဆက်တွဲအဖြစ် ထုတ်ပြန်ချက်(၅)ရပ်ကိုထုတ်လာတာကြောင့် ဒါဟာမြန်မာနိုင်ငံအပေါ် မရိုးသားတာဖြစ်ကြောင်း၊ စစ်ကောင်စီကို ကမ္ဘာ့နိုင်ငံအများစုကအသိအမှတ်မပြုအောင် အရေးယူပိတ်ဆို့မှုဖြစ်အောင် အာဆီယံကUNမှာဖိအားပေးခဲ့တာဖြစ်ပြီး စည်းလုံးညီညွတ်မှု၊အပြန်အလှန်လေးစားမှုတို့ကို အာဆီယံကမျက်ကွယ်ပြုခဲ့တာဖြစ်တယ်လို့ ပြောထားပါတယ်။
အဲ့ဒီလိုဆောင်ရွက်ချက်တွေကြောင့်လည်း အစိုးရ(စစ်အုပ်စု)ကိုဆန့်ကျင်တဲ့ အဖွဲ့တွေအတွက် မျှော်လင့်ချက်ဖြစ်စေပြီး နိုင်ငံတွင်းအကြမ်းဖက်မှု၊ ဆူပူမှုတွေပိုမိုကြီးထွားလာပြီး ပိုမိုပျက်စီးစေခဲ့တာဖြစ်ပြီး အခုအဲ့ဒီ အာဆီယံထုတ်ပြန်ချက်(၅)ရပ်ကို ပြန်သုံးသပ်သင့်ပြီလို့ဆိုပါတယ်။
ဒါ့အပြင် အာဆီယံထုတ်ပြန်ချက် (၅) ရပ်ဟာ ပြည်တွင်းရေးကြား ဝင်ကိုင်တွယ်စွက်ဖက်တဲ့ပုံစံထက်ကျော်လွန်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အာဆီယံနိုင်ငံတွေဟာ မြန်မာနိုင်ငံအစိုးရ(စစ်အစိုးရ)ကို လေးစားမှုရှိဖို့လိုအပ်နေကြောင်းနဲ့ အချုပ်အခြာအာဏာကို ထိပါးစွက်ဖက်နှောင့်ယှက်နေမှုတွေအပေါ် ပြန်လည်သုံးသပ်ပြီး အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့လိုအပ်နေပြီလို့ စစ်အုပ်စုလွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြပါတယ်။

ပြီးတော့ အခုပြည်သူကရွေးချယ်တဲ့လွှတ်တော်တွေပေါ်ပေါက်လာပြီဖြစ်ပေမယ့် ဒီနေ့အထိမြန်မာနိုင်ငံအပေါ် ရှုမြင်ပုံနဲ့ရပ်တည်ချက်တွေ တစုံတရာပြောင်းလဲခြင်းမရှိသေးတာကိုလည်း စိတ်မကောင်းဘူးလို့ စစ်အုပ်စုလွှတ်တော်ကိုယ်စားလှယ်တွေကပြောကြပါတယ်။
အာဆီယံရဲ့ဘုံသဘောတူညီချက် (၅)ရပ်ကိုလိုက်နာကျင့်သုံးမှုမရှိတဲ့ စစ်အုပ်စုရဲ့သမ္မတကို အာဆီယံထိပ်သီးအစည်းအဝေးတွေမှာမဖိတ်ခဲ့သလို စစ်တပ်ဦးဆောင်ကျင်းပတဲ့ ၂ဝ၂၅ရွေးကောက်ပွဲရလဒ်နဲ့ စစ်တပ်ခန့်အစိုးရသစ်ကိုလည်း အာဆီယံကအသိအမှတ်မပြုခဲ့ပါဘူး။
လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေဟာ မြန်မာ့အရေးတိုးတက်ပြောင်းလဲမှုမရှိသေးတဲ့အပေါ် စိတ်ပျက်ကြောင်းထုတ်ဖော်ပြောထားကြသလို အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံကလည်း စစ်အုပ်စုဖမ်းဆီးထောင်ချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ လူချင်းတွေ့ဆုံခွင့်ပေးဖို့အတွက်ဆိုပြီး ထုတ်ပြန်တောင်းဆိုထားပါတယ်။




Comments