top of page

အာဆီယံအပေါ် သဘောထား NUGဖော်ပြ

  • Writer: BVJ
    BVJ
  • 1 day ago
  • 1 min read

BVJ_မေ ၁၂၊ ၂၀၂၆

၁၅၂ကြိမ်မြောက် နိုင်ငံတကာပါလီမန်ညီလာခံ (IPU Assembly) အစည်းအဝေးတွေကို NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တက်ရောက်ခဲ့ပုံ။ 
၁၅၂ကြိမ်မြောက် နိုင်ငံတကာပါလီမန်ညီလာခံ (IPU Assembly) အစည်းအဝေးတွေကို NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တက်ရောက်ခဲ့ပုံ။ 

အာဆီယံအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေဆက်လက်ပေးအပ်ရာမှာ ထိရောက်ပြီး မူဝါဒနဲ့ကိုက်ညီတဲ့ နိုင်ငံရဲ့နယ်မြေနဲ့လူဦးရေများစွာတို့ကို စီမံအုပ်ချုပ်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း-EROsတို့နဲ့အတူ ညှိနှိုင်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ မေ ၁၂ရက်မှာ ထုတ်ပြန်လာပါတယ်။


NUGက ဒီနေ့မှာ "အာဆီယံဥက္ကဋ္ဌ၏ (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးဆိုင်ရာ ထုတ်ပြန်ချက်နှင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဆောင်မှုတို့နှင့်စပ်လျဉ်းသည့် ထုတ်ပြန်ချက်"ဆိုပြီး အချက် ၉ ချက်ပါ ထုတ်ပြန်ချက်ကိုဖော်ပြလာတာပါ။


အဲ့ဒီထဲမှာ အခု မေလ ၈ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ ဖိလစ်ပိုင်သမ္မတနိုင်ငံက ဥက္ကဋ္ဌအဖြစ် ကျင်းပပြုလုပ်ခဲ့တဲ့ (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကထွက်ပေါ်လာတဲ့ ဥက္ကဋ္ဌရဲ့ထုတ်ပြန်ချက်ကို အလေးအနက်မှတ်သားကြောင်းနဲ့ အာဆီယံရဲ့စုပေါင်းခရီးစဉ်မှာ မြန်မာပြည်သူလူထုကိုချန်လှန်မထားဖို့ကိုလည်း ပြောထားပါတယ်။


ခွဲခြားမှုမရှိအကြမ်းဖက်နေမှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့အစွမ်းကုန်ထိန်းသိမ်းလုပ်ဆောင် သွားကြဖို့ဆိုပြီး ထိပ်သီးအစည်းအဝေးရဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တိုက်တွန်းချက်ကို ကြိုဆိုပေမယ့်လည်း ရှုတ်ချပြစ်တင်ပြောဆိုမှုတွေမှာ တာဝန်ခံမှုရှိစေမယ့် ခိုင်မာတဲ့ယန္တရားတွေတွဲဖက်ပါဝင်ရမှာဖြစ်ကြောင်းနဲ့ ရှင်းလင်းပြတ်သားတဲ့ အချိန်ကာလသတ်မှတ်ချက်တိကျစွာပါဝင်တဲ့ယန္တရားတွေမရှိရင် အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးရေးတောင်းဆိုချက်ဟာ လက်တွေ့မကျဘဲ ဆန္ဒသက်သက်သာ ဖြစ်နေလိမ့်မယ်လို့လည်း NUGထုတ်ပြန်ချက်မှာဖော်ပြပါတယ်။


ဒါ့အပြင် စစ်အုပ်စုရဲ့တဖက်သတ်ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေပြီးစီးသွားတဲ့အပေါ် ထိပ်သီးအစည်းအဝေးရဲ့အသိအမှတ်ပြုမှုကိုလည်း NUGကသတိပြုမိကြောင်းနဲ့ လက်နက်ကိုင်ပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေချိန်၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်မှုမရှိသေးဘဲ၊ သင့်လျော်ကောင်းမွန်တဲ့နိုင်ငံရေးအခင်းအကျင်းမရှိတဲ့အခြေအနေမျိုးမှာ ပြုလုပ်တဲ့ မည်သည့်ရွေးကောက်ပွဲလုပ်ငန်းစဉ်မဆို ဒီမိုကရေနည်းကျတရားဝင်မှုနဲ့ပြည်သူလူထုကို ကိုယ်စားပြုမှုမရှိတဲ့အတွက် စံနှုန်းတွေနဲ့ကိုက်ညီမှုမရှိတဲ့ တဖက်သတ်လုပ်ငန်းစဉ်တွေကိုအသိအမှတ်မပြုဖို့ဆိုပြီးလည်း အာဆီယံကိုတိုက်တွန်းထားပါတယ်။


အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Ma. Theresa P. Lazaro အနေနဲ့လည်း မြန်မာနိုင်ငံရှိသက်ဆိုင်တဲ့အစုအဖွဲ့တွေနဲ့ ကျယ်ပြန့်စွာထိတွေ့ဆက်ဆံနေမှုကိုလည်းကြိုဆိုကြောင်းနဲ့ လုပ်ပိုင်ခွင့်သတ်မှတ်ချက်တွေ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ NUGနဲ့EROတွေကို တရားဝင်သက်ဆိုင်သူအစုအဖွဲ့တွေအဖြစ် အသိအမှတ်ပြုပြီး တရားဝင် စနစ်တကျထိတွေ့ဆက်ဆံရေးကို အတိအလင်းထည့်သွင်းပေးဖို့ဆိုပြီးလည်း အလေးအနက်တိုက်တွန်းထားပါတယ်။


ပြီးတော့ သမ္မတ ဦးဝင်းမြင့်ကိုလွှတ်ပေးတာနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေရာပြောင်းရွှေ့ခြင်းတို့နဲ့ပတ်သက်တဲ့သတင်းတွေဟာလည်း ရှင်းလင်းမှုမရှိဘဲ အတည်ပြုနိုင်ခြင်းမရှိသေးတဲ့ အခြေအနေမှာပဲရှိနေသေးတာကြောင့် ယုံကြည်စိတ်ချရပြီး အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့အတွက် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းနဲ့ခြွင်းချက်မရှိလွှတ်ပေးဖို့မဖြစ်မနေလိုအပ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


NUGအနေနဲ့လည်း ငြိမ်းချမ်းသော၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကျင့်သုံးသော မြန်မာနိုင်ငံတော် ပေါ်ပေါက်ရေးအတွက် ခိုင်မာစွာသန္နိဋ္ဌာန်ချမှတ်ထားပြီး၊ ဒေသတွင်း တည်ငြိမ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ရေးနဲ့ မြန်မာပြည်သူတို့၏ ဂုဏ်သိက္ခာကို မြှင့်တင်ရေးဆိုတဲ့ ဘုံရည်မှန်းချက်တွေကိုဖော်ဆောင်နိုင်ဖို့ အာဆီယံဥက္ကဋ္ဌ၊ အာဆီယံ သုံးနိုင်ငံတွဲဖက်အဖွဲ့ (Troika)၊ အာဆီယံအထူးကိုယ်စားလှယ်၊ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေအားလုံးနဲ့ အပြုသဘောဆောင်စွာပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိကြောင်းလည်း ဖော်ပြပါတယ်။


အာဆီယံနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သဘောထားထုတ်ပြန်ချက်ကို အခုလ မေ ၁၀ရက်မှာထုတ်ပြန်ထားပြီး အဲ့ဒီထဲမှာ အာဆီယံကိုနှစ်စဉ်ထည့်ဝင်ငွေတွေပေးဆောင်နေပေမယ့်လည်း လွန်ခဲ့တဲ့ ၅ နှစ်တာကာလအတွင်းက အာဆီယံနိုင်ငံအချို့ရဲ့သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုတွေပြုလုပ်နေတာခံနေရကြောင်းနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တူညီဆန္ဒမရသေးပေမယ့်လည်း အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံချင်းစီအလိုက် ထိတွေ့ဆက်ဆံမှုတွေကိုဆက်လက်ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။


ဒါ့အပြင် စစ်အုပ်စုရဲ့သဘောထားထဲမှာ ပကတိအခြေအနေအပေါ်မူတည်ပြီး မိမိနိုင်ငံနဲ့ကိုက်ညီတဲ့ မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို ဆက်လုပ်သွားမှာဖြစ်တယ်လို့လည်းပြောထားပါတယ်။


ဓါတ်ပုံ-(၁၅၂) ကြိမ်မြောက် နိုင်ငံတကာပါလီမန်ညီလာခံ (IPU Assembly) အစည်းအဝေးတွေကို NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တက်ရောက်ခဲ့ပုံ။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page