အာဆီယံနဲ့ပူးပေါင်းမှုတိုးမြှင့်ချင်ပေမယ့် ခွဲခြားဆက်ဆံခံနေရတယ်လို့ အာဏာသိမ်းစစ်အုပ်စုထုတ်ပြော
- BVJ

- 2 days ago
- 1 min read
ယူဂရင်း/BVJ_မေ ၁၁၊ ၂၀၂၆

အာဏာသိမ်းထားတဲ့ငါးနှစ်အတွင်းမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ချင်ပေမယ့်လည်း မြန်မာအပေါ် ခွဲခြားကန့်သတ်ဆက်ဆံမှုတွေနဲ့ တန်းတူကိုယ်စားပြုမှု ချန်လှပ်ထားခြင်းတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကဆက်လုပ်နေတယ်လို့ အာဏာသိမ်းစစ်အစိုးရအဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က မေ ၁၀ရက်နေ့စွဲနဲ့ထုတ်ပြန်ပြီး နိုင်ငံပိုင်သတင်းစာတွေမှာ ဒီနေ့ဖော်ပြလာပါတယ်။
"မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကို အာဆီယံနိုင်ငံအများစုကနားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လိုသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် အနည်းငယ်သောနိုင်ငံများက မြန်မာအစိုးရအပေါ် ကန့်သတ်မှုများ၊ ခွဲခြားဆက်ဆံမှုများ၊ တန်းတူကိုယ်စားပြုမှုကို ချန်လှပ်ထားခြင်းများကို ဆက်လက်ပြုလုပ်ရန်ကြိုးပမ်းနေပြီး အာဆီယံပဋိညာဉ်စာတမ်း အခန်း (၁)၊ အပိုဒ် (၂) ပါ အခြေခံမူများကိုဖောက်ဖျက်၍ အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ ဝေဖန်ပြောဆိုခြင်း၊ ဖိအားပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်"လို့ ဖော်ပြလာတာပါ။
မြန်မာအနေနဲ့အဖွဲ့ဝင်နိုင်ငံအဖြစ် အာဆီယံယန္တရားနဲ့လှုပ်ရှားမှုတွေအတွက် နှစ်စဉ်ထည့်ဝင်ငွေတွေပေးဆောင်နေပေမယ့်လည်း လွန်ခဲ့တဲ့ ၅ နှစ်တာကာလအတွင်းက အာဆီယံနိုင်ငံအချို့ရဲ့သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုတွေပြုလုပ်နေတာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် အခုလိုအပြုသဘောမဆောင်တဲ့ခွဲခြားဆက်ဆံမှုတွေဟာ ဒီမိုကရေစီနည်းကျမဲပေးထားတဲ့မြန်မာပြည်သူတွေရဲ့ဆန္ဒသဘောထားတွေကို လျစ်လျူရှုရာရောက်တယ်လို့လည်း အာဏာသိမ်းစစ်အုပ်စုကဖော်ပြလာတာပါ။
အာဆီယံအနေနဲ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တူညီဆန္ဒမရရှိသေးပေမယ့်လည်း သူတို့အနေနဲ့ အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံချင်းစီအလိုက် ထိတွေ့ဆက်ဆံမှုတွေကိုဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနဲ့ ထောက်ခံကူညီပေးခဲ့တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုကိုကျေးဇူးတင်ကြောင်းတို့ကိုလည်း စစ်အုပ်စုထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ပြီးတော့ ပကတိအခြေအနေအပေါ်မူတည်ပြီး မိမိနိုင်ငံနဲ့ကိုက်ညီတဲ့ မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို ဆက်လုပ်သွားမှာဖြစ်တယ်လို့လည်းပြောထားပါတယ်။
၂၀၂၁ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်အုပ်စုကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်လုပ်ဆောင်မှုတွေကြောင့် အာဆီယံက မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့်ပိတ်ပင်ထားတာဖြစ်ပြီး အခုမေလ ၇ရက်ကနေ ၉ရက်အထိကျင်းပခဲ့တဲ့ ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးခေါင်းဆောင်များအစည်းအဝေးမှာလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုတက်ရောက်ခွင့်မပြုခဲ့ပါဘူး။
ဒါ့အပြင် စစ်အုပ်စုကဦးဆောင်ပြုလုပ်ခဲ့တဲ့ ၂၀၂၅ခုနှစ်ရွေးကောက်ပွဲရလဒ်ကိုလည်း အာဆီယံကအသိအမှတ်မပြုခဲ့သလို အဲ့ဒီကနေသမ္မတဖြစ်လာတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလည်း တရားဝင်အသိအမှတ်ပြုတာမျိုး အခုထိမရှိသေးပါဘူး။




Comments