အာဆီယံအထူးသံအမတ် နေပြည်တော်ကိုမနက်ဖြန်သွားမယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့မျှော်လင့်မှုတွေရှိနေ

မိုနာ/BVJ_အောက်တိုဘာ ၂၇၊ ၂၀၂၆

အာဆီယံ အထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရို ဦးဆောင်တဲ့ လူသားချင်းစာနာမှုဆိုင်ရာကိုယ်စားလှယ်အဖွဲ့ဟာ မနက်ဖြန် အောက်တိုဘာ ၂၈ ရက်နဲ့ ၂၉ ရက်တို့မှာ နေပြည်တော်ကိုသွားရောက်မှာဖြစ်တယ်လို့ Thai PBSသတင်းဌာနက ဒီနေ့မှာဖော်ပြလာပါတယ်။
သံတမန်သတင်းရင်းမြစ်တွေကို ကိုးကားပြီး Thai PBSသတင်းဌာနရဲ့ဖော်ပြချက်ထဲမှာ အာဆီယံအထူးသံတမန်ဟာ ပဋိပက္ခဖြစ်ပွားနေတဲ့မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်မှုတိုးမြှင့်နိုင်ရေးတွေအတွက် နှစ်ရက်တာဆွေးနွေးဖို့သွားရောက်မှာဖြစ်ပြီး အဲ့ဒီခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့ မျှော်လင့်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။
အာဆီယံအထူးသံတမန်အနေနဲ့ ရှမ်းပြည်နယ်၊တောင်ကြီးမြို့ကိုသွားရောက်မှာဖြစ်သလို စစ်အုပ်စုရဲ့နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့လည်းတွေ့ဆုံဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။ကိုယ်စားလှယ်အဖွဲ့ထဲမှာ ဂျကာတာအခြေစိုက် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးနဲ့ဘေးအန္တရာယ်စီမံခန့်ခွဲမှု ပေါင်းစပ်ညှိနှိုင်းရေးစင်တာ (AHA Centre)က အဆင့်မြင့်အရာရှိတွေနဲ့ကျွမ်းကျင်သူတွေလည်း ပါဝင်မှာဖြစ်ပါတယ်။
နေပြည်တော်ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့တောင်းဆိုထားတာတော့ မရှိဘူးလို့ သတင်းထဲမှာဖော်ပြထားပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်အုပ်စုဘက်က အပြုသဘောဆောင်တဲ့လုပ်ဆောင်ချက်တွေထုတ်ပြလာတာကြောင့် အာဆီယံအထူးသံတမန်နဲ့တွေ့ဆုံခွင့်ရဖို့ မျှော်လင့်နေကြတာလည်းဖြစ်ပါတယ်။
မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်ဟာ ငါးနှစ်ကျော်ကြာဖမ်းဆီးထိန်းသိမ်းထားတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူနဲ့ တယ်လီဖုန်းကနေတဆင့် မိနစ်၂၀ခန့်ကြာ အခုလ ၂၂ရက်မှာစကားပေးပြောခဲ့သလို အဲ့ဒီရှေ့ရက်မှာလည်း ဗြိတိန်တတိယမြောက် ချားလ်စ်ဘုရင်ကနေ ဒေါ်အောင်ဆန်းစုကြည်ဆီကိုပေးပို့လိုက်တဲ့ စာအုပ်နှစ်အုပ်၊ အိတ်ပိတ်စာအိတ်တစ်အိတ်၊သံတမန်ရေးရာဆက်သွယ်ရေး စာတစ်စောင်တို့ကို စစ်အုပ်စုဘက်ကပြည်ထဲရေးတာဝန်ရှိသူတွေက ဒေါ်အောင်ဆန်းစုကြည်ဆီသွားပို့ပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
အာဆီယံအလှည့်ကျ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုခြွင်းချက်မရှိ အပြည့်အဝပြန်လွှတ်ပေးရေးအတွက် အခုနှစ် သြဂုတ်လ ၇ရက်မှာထုတ်ပြန်တောင်းဆိုခဲ့ပေမယ့် စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ဒီသဘောထားဟာ အပြုသဘောမဆောင်ဘဲ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်ခြင်းဖြစ်တယ်ဆိုပြီး သြဂုတ် ၈ရက်မှာ တုံ့ပြန်ကြေညာခဲ့ပါတယ်။




Comments