ဘုံသဘောတူညီချက် ၅ချက်အတိုင်း အာဆီယံဆက်လက်ရပ်တည်သွားမယ်
- BVJ

- 6 days ago
- 1 min read
အေတီ/BVJ_ဇူလိုင် ၁၂၊ ၂၀၂၆

အာဆီယံအနေနဲ့ မြန်မာ့အရေးကိုကိုင်တွယ်ဖြေရှင်းရာမှာ ဘုံသဘောတူညီချက် ၅ ရပ်(5PC)ကို အဓိကမူဘောင်အဖြစ်ဆက်လက်ကိုင်စွဲသွားမှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးမှာ အတည်ပြုပြောကြားလိုက်ပါတယ်။
အာဆီယံအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပိုမိုပေးအပ်ရေး၊ အကြမ်းဖက်မှုတွေလျှော့ချရေးနဲ့ အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာစေရေးတို့ကို အလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ 5PC ဘုံသဘောတူညီချက်၅ချက်ဟာ မြန်မာအစိုးရအပါအဝင်သက်ဆိုင်သူအားလုံးနဲ့ အာဆီယံအဖွဲ့ဆက်ဆံရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Maria Theresa Lazaro လာဇယိုကပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow ဆီဟာဆပ် ဖွမ်းကတ်ကျိုနဲ့ပူးတွဲပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ လာဇာရိုက “အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အနေနဲ့ ပြောရရင် 5PCဟာအမြဲတမ်း အခြေခံစာတမ်းတစ်ခုလိုဖြစ်နေပါတယ်။ မြန်မာအစိုးရအပါအဝင် သက်ဆိုင်သူတွေကဒါကိုလက်ခံသည်ဖြစ်စေ၊ ငြင်းပယ်သည်ဖြစ်စေ အာဆီယံအနေနဲ့ဒီသဘောတူညီချက်အပေါ် ခိုင်ခိုင်မာမာရပ်တည်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလမှာချမှတ်ခဲ့တဲ့ အဲ့ဒီဘုံသဘောတူညီချက် ၅ ရပ်ထဲမှာ အကြမ်းဖက်မှုတွေချက်ချင်းရပ်စဲဖို့ ၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ဆွေးနွေးပွဲတွေပြုလုပ်ဖို့ ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးအပ်ဖို့နဲ့အာဆီယံအထူးကိုယ်စားလှယ်က ကြားဝင်ဆောင်ရွက်ပေးဖို့တို့ပါဝင်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့တစ်ပတ်က မြန်မာနိုင်ငံစစ်အုပ်စုလွှတ်တော်က အဆိုပါငြိမ်းချမ်းရေးအစီအစဉ်ကိုငြင်းပယ်ကြောင်း အဆိုပြုချက်တစ်ရပ်ကိုအတည်ပြုခဲ့ပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးတက်ရောက်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးအပြီးမှာ လာဇာရိုက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အာဆီယံရဲ့အဓိကမျှော်လင့်ချက် (၃)ရပ်ကိုပြောကြားခဲ့ပါတယ်။
၁။ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေတိုးမြှင့်ပေးအပ်နိုင်ရေး (အာဆီယံဥက္ကဋ္ဌရဲ့ လူသားချင်းစာနာမှုဆိုင်ရာခရီးစဉ်တွေကနေတဆင့် ပံ့ပိုးမှုများတိုးမြှင့်ရန်)
၂။ အရပ်သားတွေအပေါ် ဦးတည်ခိုက်နေတဲ့ အကြမ်းဖက်မှုတွေလျှော့ချရေး
၃။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေပိုမိုဖြစ်ပေါ်လာစေရေး၊ နိုင်ငံရေးပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးတို့ ဖြစ်ပါတယ်။
လာဇာရိုက ဘန်ကောက်မှာဒီနေ့ပြုလုပ်ခဲ့တဲ့ အဲ့ဒီအစည်းအဝေးဟာ ၂၀၂၁ခုနှစ် နိုင်ငံရေးအကျပ်အတည်းစတင်ဖြစ်ပွားပြီးနောက်ပိုင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ ပထမဆုံးအကြိမ်လူကိုယ်တိုင်တွေ့ဆုံခြင်းဖြစ်ပြီး သိသာထင်ရှားတဲ့ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆပ်ကလည်း အာဆီယံရဲ့ "ချိန်ညှိထားသော ထိတွေ့ဆက်ဆံမှု" (Calibrated Engagement) မူဝါဒကို ထိုင်းနိုင်ငံက ထောက်ခံကြောင်း၊ ထိတွေ့ဆက်ဆံမှုဟာ နှစ်ဖက်အပြန်အလှန်ကြိုးပမ်းမှု လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
“ဒီမူဝါဒက နှစ်ဖက်အပြန်အလှန်လုပ်ဆောင်ရမှာပါ။ မြန်မာဘက်ကလည်း အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ စိုးရိမ်ပူပန်မှုတွေကိုဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အားလုံးက 5PCကိုထောက်ခံကြပါတယ်၊ ဒါပေမဲ့ အဓိကကျတဲ့အချက်ကတော့ ဒါကိုဘယ်လိုအကောင်အထည်ဖော်မလဲဆိုတဲ့ မဟာဗျူဟာပဲ ဖြစ်ပါတယ်”လို့ သူကဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ စိုးရိမ်မှုတွေကိုဖြေရှင်းပေးဖို့ အချိန်ကန့်သတ်ချက် ရှိမရှိမေးမြန်းရာမှာ Sihasak ဆီဟာဆပ်က အခုနှစ်အတွင်းမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံအနေနဲ့တိုးတက်မှုအခြေအနေကိုပြန်လည်သုံးသပ်မှာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။
အာဆီယံလက်ရှိဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံကဦးဆောင်ကျင်းပတဲ့ အဆိုပါအစည်းအဝေးကို ကမ္ဘောဒီးယားကလွဲလို့ ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး တက်ရောက်ခဲ့ပြီး မလေးရှားကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Tan Sri Amran Mohamed Zin တက်ရောက်ခဲ့ပါတယ်။
ခရက်ဒစ် - BERNAMA



Comments