အာဆီယံက မြန်မာစစ်အုပ်စုအပေါ် ကန့်သတ်ချက်တွေဆက်ထားပေမယ့် နိုင်ငံရေးအရပြန်ပါဝင်ခွင့်ရမယ့်လမ်းကြောင်းကို ဖွင့်ပေး

အေတီ/BVJ_နိုဝင်ဘာ ၁၅၊ ၂၀၂၆

ငါးနှစ်ကျော်ကြာလာပြီဖြစ်တဲ့ မြန်မာ့အကျပ်အတည်းကိုဖြေရှင်းနိုင်ဖို့အတွက် အာဆီယံကချမှတ်ထားတဲ့ မူဝါဒအပေါ် တိုးတက်မှုတွေရှိလာမယ်ဆိုရင် အာဆီယံအဖွဲ့ထဲမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအရအပြည့်အဝ ကိုယ်စားပြုခွင့်ကို တဖြည်းဖြည်းချင်းပြန်ဖွင့်ပေးဖို့စဉ်းစားသွားမယ်လို့ အရှေ့တောင်အာရှခေါင်းဆောင်တွေက တနင်္ဂနွေနေ့မှာပြောလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာကျင်းပတဲ့ထိပ်သီးအစည်းအဝေးမှာ အာဆီယံ ၁၁ နိုင်ငံကခေါင်းဆောင်တွေဟာ ထိပ်သီးအစည်းအဝေးတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုနိုင်ငံရေးအရ တက်ရောက်ခွင့်ပိတ်ပင်ထားတဲ့မူဝါဒကို လောလောဆယ်ဆက်ထားဖို့ သဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ် (5PC) အပေါ် မြန်မာဘက်က "ရေရှည်တည်တံ့ပြီး လက်တွေ့ကျတဲ့" တိုးတက်မှုတွေပြနိုင်မယ်ဆိုရင်တော့ တိုးတက်မှုအပေါ် မူတည်ပြီး အဆင့်လိုက်ချိန်ညှိဆက်ဆံသွားဖို့ သဘောတူခဲ့ကြတယ်လို့ဆိုပါတယ်။
နောက်ထပ်ထူးခြားတဲ့ခြေလှမ်းတစ်ခုကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံနဲ့နှစ်နိုင်ငံချင်း သီးခြားထိတွေ့ဆက်ဆံတာတွေကိုလည်း အာဆီယံအဖွဲ့ကြီးက မီးစိမ်းပြလိုက်တာပဲဖြစ်ပါတယ်။
ထိုင်းနိုင်ငံနဲ့ တခြားအာဆီယံနိုင်ငံတချို့ဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေပိုလုပ်လာခဲ့ကြပါတယ်။ အဲဒီအခြေအနေတွေကြောင့် အာဆီယံရဲ့အဆင့်မြင့်အစည်းအဝေးတွေမှာ စစ်တပ်ကျောထောက်နောက်ခံပြု မြန်မာခေါင်းဆောင်တွေတက်ရောက်ခွင့်ပိတ်ထားတာကို ဖြေလျှော့ပေးဖို့ အာဆီယံအဖွဲ့အပေါ် ဖိအားအသစ်တွေ ဝင်လာခဲ့တာပါ။
"မြန်မာနိုင်ငံဘက်က ဘုံသဘောတူညီချက်ငါးရပ်အကောင်အထည်ဖော်ရာမှာ ရေရှည်တည်တံ့ပြီး လက်တွေ့ကျတဲ့တိုးတက်မှုတွေရှိလာမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအရအပြည့်အဝကိုယ်စားပြုခွင့်ကို တဖြည်းဖြည်းချင်းပြန်ပေးဖို့ အာဆီယံအနေနဲ့စဉ်းစားသွားမှာပါ" လို့ ထိပ်သီးအစည်းအဝေးရဲ့ ပူးတွဲဆုံးဖြတ်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် "ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရာမှာ ထိရောက်တဲ့တိုးတက်မှုတွေရလာဖို့အတွက် အာဆီယံဥက္ကဋ္ဌနဲ့တိုင်ပင်ပြီး သက်ဆိုင်သူအားလုံးနဲ့ အပြုသဘောဆောင်ထိတွေ့ဆက်ဆံနေတဲ့ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းစီရဲ့ကြိုးပမ်းမှုတွေကိုလည်း အားပေးပါတယ်" လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ်အာဏာသိမ်းပြီးမကြာခင်မှာပဲ ချမှတ်ခဲ့တဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ်ထဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့နဲ့သက်ဆိုင်သူအားလုံးကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေစတင်ဖို့ တောင်းဆိုထားပါတယ်။ အဲဒီထဲမှာ အာဆီယံက ကြားဝင်စေ့စပ်ပေးဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးဖို့လည်း ပါဝင်ပါတယ်။
စစ်တပ်ကျောထောက်နောက်ခံပြု မြန်မာအစိုးရကတော့ အာဆီယံနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ချင်နေတာပါ။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကို စစ်တပ်ကဖြုတ်ချခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာအကြီးအကျယ် မငြိမ်မသက်ဖြစ်ခဲ့ရပြီး ကုလသမဂ္ဂရဲ့ခန့်မှန်းချက်အရ လူပေါင်းတစ်သိန်းလောက်သေဆုံးခဲ့သလို ၃ ဒသမ ၅ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ပြည်တွင်းစစ်ကြီး ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
အာဏာသိမ်းခေါင်းဆောင်ကနေ အရပ်သားအစိုးရသမ္မတအဖြစ်ခံယူထားတဲ့ ဦးမင်းအောင်လှိုင်ရဲ့စစ်တပ်ဟာ တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံတွေရဲ့ထောက်ခံမှုကို ရထားပါတယ်။ ဒါ့အပြင် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရလက်ထက်မှာ နှစ်ပေါင်းများစွာကျင့်သုံးခဲ့တဲ့ အထီးကျန်ထားရေး မူဝါဒကို ပြောင်းလဲလိုက်တာနဲ့အတူ အမေရိကန်အရာရှိတွေနဲ့ လျှို့ဝှက်ဆွေးနွေးမှုတွေရှိလာတာအပါအဝင် ဦးမင်းအောင်လှိုင်အစိုးရဟာ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုကိုပိုရလာနေပါတယ်။
ခရက်ဒစ်-Reuters




Comments