အတိတ်နဲ့ အနာဂတ်ကြားက မြန်မာ့အရေး အဆုံးအဖြတ် သီတင်းပတ်

သူရ/BVJ
အာဆီယံအဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံတွေက အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုနဲ့ ဆက်ဆံမယ့် အနာဂတ် အလားအလာကို ချိန်ဆနေကြသလို၊ တစ်ဖက်မှာလည်း ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တရားရုံးက မြန်မာ့အတိတ်သမိုင်းဆိုးအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိ စီရင်ချက်ချဖို့ ရှိနေတာကြောင့် ဒီသီတင်းပတ်ဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ အဆုံးအဖြတ် ကာလတစ်ခု ဖြစ်လာနေပါတယ်။
နိုင်ငံတကာ တရားရုံး (ICJ) ဟာ မြန်မာနိုင်ငံ အနေနဲ့ ဖယ်ကြဉ်ခံ မွတ်စလင် လူနည်းစု ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိကို လာမယ့် ကြာသပတေးနေ့မှာ အမိန့်ချမှတ်ဖို့ စီစဉ်ထားပါတယ်။
ဒီအမှုဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံကို ထိပ်သီးအစည်းအဝေးတွေကနေ ဖယ်ကြဉ်ထားတဲ့ မူဝါဒကို ပြန်လည်ဆွေးနွေးမယ့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ရဲ့ သုံးရက်ကြာ အစည်းအဝေးအပေါ် အရိပ်မိုးနေတာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ စတင်မယ့် ဖိလစ်ပိုင်နိုင်ငံက အစည်းအဝေးအတွင်း အာဆီယံ ခေါင်းဆောင်တွေ တွေ့ဆုံကြတဲ့အခါ မကြာခင် ထွက်ပေါ်လာတော့မယ့် ဒီစီရင်ချက်က သူတို့ရဲ့ စိတ်ထဲမှာ အမြဲစွဲထင်နေသင့်တယ်လို့ ရိုဟင်ဂျာ အရေးလှုပ်ရှားသူတွေက ပြောပါတယ်။
“မျိုးဆက်ပေါင်းများစွာ ကျွန်တော်တို့ ကြုံတွေ့ခံစားခဲ့ရသမျှ အားလုံးအတွက် တရားစီရင်ချက် ဖြစ်တဲ့ အဲဒီနေ့မှာ ဘယ်လိုရလဒ် ထွက်လာမလဲ ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်” လို့ လုံခြုံရေး အကြောင်းပြချက်ကြောင့် အမည်မဖော်လိုတဲ့ ရန်ကုန်အခြေစိုက် အသက် ၂၅ နှစ်အရွယ် ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။
“အခြေခံ လူသားဆန်မှု ကင်းမဲ့ပြီး ကျွန်တော်တို့ရဲ့ ဘဝတွေ၊ အနာဂတ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးခဲ့တဲ့ လူတွေကိုသာ သူတို့က ကြိုဆိုလက်ခံမယ်ဆိုရင် ကျွန်တော်တို့ အရမ်းစိတ်ပျက်မိမှာပါ” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
အဓိက မေးခွန်းထုတ်စရာ ပုဂ္ဂိုလ်
ကုလသမဂ္ဂ တရားရုံး အမှုနဲ့ အာဆီယံရဲ့ သံတမန်ရေးရာ အကျပ်အတည်းတို့ဟာ စာရွက်ပေါ်မှာတော့ သီးခြားကိစ္စရပ်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ခုစလုံးက လူပုဂ္ဂိုလ် တစ်ဦးတည်းဆီမှာ လာပြီး ဆုံစည်းနေပါတယ်၊ အဲဒါကတော့ မင်းအောင်လှိုင် ပဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး ပြည်တွင်းစစ် မီးမွှေးခဲ့တဲ့ သူ့ရဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်းကတည်းက ၁၁ နိုင်ငံပါ အာဆီယံ အုပ်စုဟာ မြန်မာခေါင်းဆောင်တွေကို ထိပ်သီးအစည်းအဝေးတွေကနေ ဖယ်ကြဉ်ထားခဲ့တာပါ။
သည်ဟိတ်ဂ် (The Hague) တရားရုံးက အမှုကတော့ ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်မှုတွေနဲ့ ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့တယ်လို့ မြန်မာနိုင်ငံ စွပ်စွဲခံခဲ့ရတဲ့ ၂၀၁၇ ခုနှစ်ဆီကို ပြန်သွားရမှာ ဖြစ်ပါတယ်။

ကြာသပတေးနေ့မှာ ချမှတ်မယ့် စီရင်ချက်ဟာ တစ်ဦးချင်းစီရဲ့ အပြစ်ကို မဟုတ်ဘဲ နိုင်ငံတော်ရဲ့ တာဝန်ရှိမှုကို ချိန်ဆဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အဓမ္မပြုကျင့်တာနဲ့ မီးရှို့ဖျက်ဆီးတာတွေကို ဦးဆောင်လုပ်ကိုင်ခဲ့တဲ့ စစ်တပ်ကို မင်းအောင်လှိုင် က ဦးစီးကွပ်ကဲခဲ့တာဖြစ်ပြီး၊ အဲဒီဖြစ်ရပ်ကြောင့် လူပေါင်း ၇၅၀,၀၀၀ နီးပါး ဒုက္ခသည်တွေအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရပါတယ်။
ဒီနှစ် ဧပြီလမှာတော့ ဒီမိုကရေစီ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေက လက်မခံ ပယ်ချထားတဲ့ ရွေးကောက်ပွဲတွေ အပြီးမှာ သူဟာ သမ္မတ အဖြစ် တက်လာခဲ့ပြီး၊ သံတမန်ရေးရာ အသိုင်းအဝိုင်းမှာ လက်ခံလာအောင် ဆွဲဆောင်စည်းရုံးရေး လှုပ်ရှားမှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။
“တကယ်လို့ ICJ က မြန်မာနိုင်ငံ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်လိုက်ရင် မင်းအောင်လှိုင် ရဲ့ ကြိုးပမ်းမှုတွေကို အကြီးအကျယ် အားနည်းသွားစေမှာပါ” လို့ ထိုင်ဝမ်နိုင်ငံ Academia Sinica က ဧည့်သုတေသီ ဝေယံဖြိုးနိုင် က ပြောပါတယ်။
“သူနဲ့ လူသိရှင်ကြား ဆက်ဆံပတ်သက်မှု တိုင်းဟာ အထူးသဖြင့် လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ ဥပဒေကို ထောက်ခံပါတယ်လို့ ကြွေးကြော်ထားတဲ့ အစိုးရတွေ အတွက် နိုင်ငံရေးအရရော ဂုဏ်သိက္ခာပိုင်းအရပါ အန္တရာယ်တွေ ဖြစ်လာစေနိုင်ပါတယ်” လို့ သူက ဆိုပါတယ်။
ထောက်ခံမှု အရိပ်အယောင်များ
ဒါပေမဲ့ မြန်မာနိုင်ငံဟာ အာဆီယံထဲ ပြန်ဝင်နိုင်ဖို့ ထောက်ခံမှု အရိပ်အယောင်တွေ ရရှိထားပြီး ဖြစ်ပါတယ်။
အရပ်သား သမ္မတ အနေနဲ့ မင်းအောင်လှိုင် ဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ ကော်ဇောနီခင်း ကြိုဆိုမှုတွေ ရရှိခဲ့ပါတယ်။
မွတ်စလင် အများစု နေထိုင်တဲ့ မလေးရှားနိုင်ငံကတောင် ပြီးခဲ့တဲ့လက သူ့ကို လက်ခံတွေ့ဆုံခဲ့ပါသေးတယ်။ ဒါဟာ နိုင်ငံအတွင်း ရိုဟင်ဂျာ ဒုက္ခသည်တွေအပေါ် အမြင်စောင်း မုန်းတီးမှု လှိုင်းလုံးတွေ ရိုက်ခတ်နေချိန်မှာ ထောင်နဲ့ချီတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အမြန်ပြန်ပို့နိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပေမဲ့လည်း လက်ခံတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ပြန်ပို့ခံရမယ့် သူတွေရဲ့ ကံကြမ္မာအပေါ် လူ့အခွင့်အရေး အဖွဲ့တွေက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပေမဲ့၊ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် ကတော့ အာဆီယံအတွင်း မြန်မာနိုင်ငံ ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိစေဖို့ “မလေးရှား အနေနဲ့ ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သွားမယ်” လို့ ကတိပြု ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ (International Crisis Group) ရဲ့ အာရှရေးရာ အကြီးတန်း အကြံပေး ရစ်ချတ် ဟော်ဆေး (Richard Horsey) ကတော့ ICJ ရဲ့ စီရင်ချက်ဟာ မင်းအောင်လှိုင် ရဲ့ လက်ရှိ အရှိန်အဟုန်အပေါ် သက်ရောက်မှု အနည်းငယ်သာ ရှိနိုင်တယ်လို့ ပြောပါတယ်။
“သူ့ကို လက်ခံတွေ့ဆုံဖို့ ဆန္ဒရှိနေတဲ့ အစိုးရတွေ အနေနဲ့ သူ့တစ်ဦးချင်းအပေါ် ဥပဒေကြောင်းအရ ဘာကန့်သတ်ချက်မှ မချမှတ်ထားဘဲ မြန်မာနိုင်ငံတော်ကိုသာ ရည်ညွှန်းတဲ့ စီရင်ချက်တစ်ခုကြောင့် သူတို့ရဲ့ လမ်းကြောင်းကို ပြောင်းလဲဖို့ မဖြစ်နိုင်ပါဘူး” လို့ သူက ပြောပါတယ်။
“ဒီစီရင်ချက်ကြောင့် အဖွဲ့ဝင်နိုင်ငံ တချို့ အနေနဲ့ အရမ်းမြန်မြန်ဆန်ဆန် လှုပ်ရှားနေသလို မြင်ရမှာကိုတော့ ပိုပြီး သတိထားလာစေနိုင်ပေမဲ့၊ ပုံမှန်ဆက်ဆံရေးဆီ ဦးတည်ရွေ့လျားနေတဲ့ လမ်းကြောင်းကိုတော့ ရပ်တန့်သွားစေမယ်လို့ ကျွန်တော် မထင်ပါဘူး” လို့ သူက ဆိုပါတယ်။
သံတမန်ရေးရာ လမ်းကြောင်းပြောင်းလဲမှု
လေ့လာသုံးသပ်သူ တချို့ကတော့ မြန်မာနိုင်ငံ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ မင်းအောင်လှိုင် ကို ပိုပြီးတောင် ရဲတင်းလာစေနိုင်ပြီး၊ ဘယ်လိုအခြေအနေမျိုးမှာမဆို ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ပခုံးချင်းယှဉ် တွေ့ဆုံနိုင်တယ် ဆိုတာကို အတည်ပြုပေးသလို ဖြစ်သွားနိုင်တယ်လို့ ထောက်ပြကြပါတယ်။
ဒါ့အပြင် သူ့ကို ဖယ်ကြဉ်ထားသင့်တယ်လို့ ငြင်းခုံနေကြတဲ့ အာဆီယံ နိုင်ငံတွေနဲ့ မြန်မာနိုင်ငံကို မတူညီတဲ့ အနာဂတ်တစ်ခုဆီ ချော့မော့ခေါ်ဆောင်နိုင်ဖို့ ထိတွေ့ဆက်ဆံရေးကို လိုလားတဲ့ နိုင်ငံတွေကြား သဘောထား ကွဲလွဲမှုတွေကိုလည်း ပိုပြီး မီးထိုးပေးသလို ဖြစ်လာနိုင်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ အဆင့်မြင့် အစိုးရအရာရှိကြီးတွေကသာ ကိုယ်စားပြု တက်ရောက်ခဲ့ကြပြီး၊ အဲဒီအစီအစဉ်က အခု မနီလာ အစည်းအဝေးမှာလည်း ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။
အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ဟာ ဒီနှစ်ကုန်ပိုင်းမှာ ဖိလစ်ပိုင်နိုင်ငံကနေ စင်ကာပူနိုင်ငံဆီ လွှဲပြောင်းရောက်ရှိမှာ ဖြစ်ပြီး၊ စင်ကာပူဟာ မြန်မာနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်တာကို ဆန့်ကျင်တဲ့ နိုင်ငံဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ဒါပေမဲ့ ၂၀၂၈ ခုနှစ်မှာတော့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ရှည်လျားစွာ ထိစပ်နေပြီး ပိုမိုနီးကပ်တဲ့ ဆက်ဆံရေး ထူထောင်ဖို့ ရှေ့ဆောင်လှုပ်ရှားနေတဲ့ ထိုင်းနိုင်ငံရဲ့ အလှည့်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွမ်ကတ်ကဲအို ကတော့ ICJ ရဲ့ စီရင်ချက်ကြောင့် “ချိန်ဆထားတဲ့ ပြန်လည်ထိတွေ့ဆက်ဆံမှု” လုပ်ငန်းစဉ်ကို အနှောင့်အယှက် ဖြစ်စေမယ်လို့ မမြင်မိကြောင်း ကြာသပတေ းနေ့မှာ ပြောကြားခဲ့ပါတယ်။
“အာဆီယံ အနေနဲ့ မကြာခင် အချိန်အတွင်း ထိပ်သီးအစည်းအဝေး အဆင့်မှာ မင်းအောင်လှိုင် ကို အပြည့်အဝ လက်ခံကြိုဆိုဖို့တော့ မဖြစ်နိုင်သေးပါဘူး” လို့ လွတ်လပ်တဲ့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေးဗစ် မက်သီဆန် (David Mathieson) က ပြောပါတယ်။
ခရက်ဒစ် - Yahoo



Comments