စစ်အုပ်စုရွေးကောက်ပွဲကိုအသိအမှတ်မပြုဖို့ အာဆီယံကိုတိုက်တွန်း
- BVJ

- Oct 15
- 1 min read
အေတီ/BVJ_အောက်တိုဘာ ၁၅၊ ၂၀၂၅

လာမယ့် ဒီဇင်ဘာ၂၈ရက်နေ့မှာအာဏာသိမ်းစစ်ကောင်စီကဦးဆောင်ကျင်းပမယ့်ရွေးကောက်ပွဲဟာ အခြေခံတရားဝင်မှုတွေနဲ့မကိုက်ညီတဲ့အတွက် အာဆီယံအဖွဲ့ကအသိအမှတ်မပြုဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း၊ထိုင်းနိုင်ငံခြားရေး၀န်ကြီးဟောင်းနဲ့ မြန်မာ့အရေးကျွမ်းကျင်သူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်းသုံးဦး ပူးပေါင်းပြီး ထုတ်ပြန်ချက်ထုတ်တိုက်တွန်းလိုက်ပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဆိုင်ဖူဒင် အဗ္ဗဒူလာ၊ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ခါစစ်ပီရိုမြာ၊မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီမစ်ရှင်ဥက္ကဌ မာဇူကီဒါရုစ်မန်၊မြန်မာနိုင်ငံဆိုင်ရာကုလအထူးသံတမန်ဟောင်း ယန်ဟီးလီနဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်ဥက္ကဌဟောင်း ခရစီဆီဒိုတီတို့ လက်မှတ်ထိုးထားတဲ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ ဒီလအတွင်းမလေးရှားနိုင်ငံမှာကျင်းပမယ့် ၄၇ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲဟာ မြန်မာအာဏာသိမ်းစစ်အုပ်စုကကျင်းပမယ့် ရွေးကောက်ပွဲ ကိုလက်မခံကြောင်းပြသဖို့ နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း၊အာဆီယံအနေနဲ့ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးလို့မပြောဘူးဆိုရင် မြန်မာပြည်သူတွေရက်ရက်စက်စက်သတ်ဖြတ်ခံရတာတွေကို လျစ်လျူရှုရာရောက်မှာဖြစ်ပြီး မြန်မာစစ်အာဏာရှင်တွေကိုဆုလာဘ်ချီးမြှင့်သလိုဖြစ်သွားမယ်လို့ဖော်ပြထားပါတယ်။
ဒါ့အပြင်ပြီးခဲ့တဲ့ရက်ပိုင်းက မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်ရဲ့မြန်မာနိုင်ငံခရီးစဥ်မှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မလေးရှားရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့စေလွှတ်မယ်လို့သဘောတူညီခဲ့တဲ့အကြောင်း အာဏာသိမ်းစစ်အုပ်စုကလိမ်ညာသတင်းထုတ်ခဲ့တဲ့လုပ်ရပ်ကိုလည်း သတင်းထုတ်ခဲ့တဲ့အာဏာသိမ်းစစ်အုပ်စုရဲ့လုပ်ရပ်ကိုဝေဖန်ရှုတ်ချခဲ့သလို၊ လေးနှစ်ကြာပြီးသွားတာတောင် အာဆီယံဘုံသဘောတူညီချက်၅ချက်ကို အကောင်အထည်မဖော်နိုင်တဲ့ အာဆီယံအဖွဲ့ရဲ့လုပ်ရပ်ကိုလည်းဝေဖန်ထားပါတယ်။
မြန်မာနိုင်ငံအရေးအပေါ် အာဆီယံရဲ့ မအောင်မြင်တဲ့လုပ်ဆောင်ချက်တွေကြောင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွေပိုများလာသလို နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတိုးလာစေပြီး အာဏာသိမ်းစစ်အုပ်စု ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတာက ကလေးသူငယ်တွေအပါအဝင် အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တာတွေပိုများလာနေတယ်လို့ ထောက်ပြထားပါတယ်။
လတ်တလောမှာလည်း အာဏာသိမ်းစစ်အုပ်စုက သီတင်းကျွတ်လပြည့်ည မီးထွန်းပွဲကျင်းပနေတဲ့ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ထဲကရွာတစ်ရွာကို လေကြောင်းကတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး၂၆ဦး သေဆုံးခဲ့ပါတယ်။ အဲ့ဒီမတိုင်ခင်ကလည်း ရခိုင်ပြည်နယ် ကျောက်တော်မြို့က ပုဂ္ဂလိကစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကျောင်းသားလူငယ် ၂၂ဦးသေဆုံးခဲ့ပါတယ်။
အောာက်တိုဘာ ၉ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့မလေးရှားနိုင်ငံခြား ရေးဝန်ကြီးတို့ နေပြည်တော်တွေ့ဆုံပွဲအပြီးမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့စေလွှတ်မယ်လို့ ကတိပေးခဲ့တဲ့အကြောင်း စစ်အုပ်စုပိုင်မြန်မာ့အလင်းသတင်းစာမှာ သောကြာနေ့ကဖော်ပြခဲ့ပါတယ်။
ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့စေလွှတ်ဖို့ကိစ္စကို အာဆီယံအဖွဲ့အနေနဲ့ သဘောတူမယ်လို့မထင်ကြောင်း အထက်ပါခရီးစဥ်အပြီးမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးရှင်းချက်ထုတ်ခဲ့ပါတယ်။ မလေးရှားကမြန်မာ့ရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုးပမ်းမှုတွေကို ဝမ်းမြောက်ကြောင်းနဲ့ အာဆီယံကပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီး အာဏာသိမ်းစစ်အုပ်စုက ဝါဒဖြန့်ရေးသားခဲ့တဲ့ကိစ္စအပေါ် မလေးရှားအစိုးရအနေနဲ့ဖြေရှင်းချက်ထုတ်ပေးဖို့ မလေးရှား လွှတ်တော်အမတ်အချို့က တောင်းဆိုထားပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့အာဆီယံအဖွဲ့ကြား သဘောတူထားတဲ့ မြန်မာနိုင်ငံဆိုင်ရာဘုံသဘောတူချက် ၅ချက်ကို စစ်အုပ်စုဘက်ကလိုက်နာဖို့ပျက်ကွက်ခဲ့တဲ့အတွက် ၂၀၂၂ခုနှစ်ကတည်းက မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ခွင့် အာဆီယံကပိတ်ပင်ထားပါတယ်။
မလေးနဲ့ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း၊ကုလသမဂ္ဂတာဝန်ခံဟောင်း မြန်မာ့အရေးကျွမ်း ကျင်သူသုံးဦးပူးပေါင်းထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာ အာဆီယံအနေနဲ့စစ်အစိုးရရွေးကောက်ပွဲကို လက်မခံပယ်ချရမယ့်အပြင် လက်ရှိအာဆီယံအစည်းအဝေးတွေလာတက်နေတဲ့ အာဏာသိမ်းစစ်အုပ်စုကိုယ်စားလှယ်တွေအားလုံးကိုလည်း လက်မခံ ဘဲဖယ်ထုတ်ပစ်သင့်တယ်လို့တိုက်တွန်းထားပါတယ်။
ဒါ့အပြင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးပို့တာတွေအဆင်ပြေချောမွေ့သွားအောင်လုပ်ဖို့ ကြိုးစားနေရမှာဖြစ်သလို တဖက်မှာလဲအမျိုးသားညီညွတ်ရေးအစိုးရ NUG၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း တွေအပါအဝင်၊ ပါသင့်ပါထိုက်တဲ့သူတွေနဲ့ပူးပေါင်းပြီး ဒီမိုကရေစီလမ်းပြမြေပုံတစ်ခုအကောင်အထည်ဖော်ဖို့ဆိုပြီး အာဆီယံကိုတောင်းဆိုထားပါတယ်။







Comments