ARSA၊RSOအဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေ ရခိုင်မြောက်ပိုင်းမှာ ပိုများလာနေ
- BVJ
- 3 days ago
- 1 min read
BVJ/ဂျိုး_အောက်တိုဘာ ၁၄၊ ၂၀၂၅

ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင်,မောင်တောစတဲ့မြို့နယ်တွေမှာ မူဆလင်လက်နက်ကိုင်တွေဖြစ်တဲ့ ARSA,RSOအဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေ ဒီရက်ပိုင်းအတွင်းပိုများလာနေတယ်လို့ အာရက္ခတပ်တော်-AAရဲ့ ဒီရက်ပိုင်းအတွင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ARSA,RSOအဖွဲ့တွေအနေနဲ့ ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျောက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ တည်ဆောက်ထားတဲ့ယာယီစခန်းတွေ အခြေချစခန်းတွေကနေ မောင်တောမြို့နယ်အတွင်းကို စိမ့်ဝင်ပြီးတော့ AAတပ်စခန်းတွေကိုဝင်တိုက်တာတွေနဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ တောက်လျောက်လုပ်ဆောင်နေတယ်လို့ AAဘက်က ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ရက်နေ့ကလည်း မောင်တောမြို့နယ်အတွင်း နံသာတောင်ကျေးရွာကနေ ကြိမ်ချောင်းကျေးရွာကိုကုန်ပစ္စည်းသွားပို့တဲ့ ဆိုင်ကယ်ကယ်ရီမောင်းသမား ၃ဦးကို လိပ်ရခွဆုံအနီးမှာ မူဆလင်လက်နက်ကိုင်တွေကခြုံခိုပစ်ခတ်ခဲ့တာကြောင့် တစ်ဦးသေဆုံးပြီးတော့ ၂ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ AAဘက်က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာလည်း မောင်တောမြို့နယ်အတွင်းမှာ ပစ်ခတ်မှုတွေရှိနေသလို ARSA, RSOအဖွဲ့တွေဆီက သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းစစ်အသုံးအဆောင်ပစ္စည်းတွေဟာလည်း မြန်မာစစ်ကောင်စီနဲ့ အိမ်နီးနားချင်းတဖက်နိုင်ငံအတွင်းကအကျင့်ပျက် BGBအရာရှိတွေက ငွေကြေးရယူရောင်းချပေးတွေနဲ့ထောက်ပံ့ပေးထားတဲ့လက်နက်တွေဖြစ်တယ်လို့လည်း အာရက္ခတပ်တော်-AAဘက်က ပြောဆိုထားပါတယ်။
မောင်တောဒေသမှာ ARSA၊RSOအဖွဲ့တွေပြုလုပ်နေတဲ့ စစ်ရေးလှုပ်ရှားမှု၊ စစ်ဆင်ရေးတို့ဟာလည်း မြန်မာစစ်ကောင်စီနဲ့လက်ဝါးချင်းရိုက်ပြီး ဟန်ချက်ညီဆောင်ရွက်နေတဲ့ အပေးအယူတစ်ခုလည်းဖြစ်နိုင်တယ်လို့ AAထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင်ဒီစစ်ဆင်ရေးတွေမှာ အကျင့်ပျက် ဘင်္ဂလားနယ်ခြားစောင့်တပ်တချို့နဲ့ စစ်ဘက်အရာရှိတချို့ရဲ့ ကူညီပံ့ပိုးပေးမှုတွေပါဝင်နေပြီး တိုက်ပွဲအတွင်း ဒဏ်ရာရ၊ ကျဆုံး ARSA အလောင်းတွေကို ဝိုင်းကူထမ်းပို့ပေးတာ ဆေးဝါးကုသပေးတာ၊ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို ထောက်ပို့ပေးတာတွေလုပ်ဆောင်နေတယ်လို့ AAဘက်က ပြောဆိုထားပါတယ်။
Comments