top of page

ရခိုင်ဒေသခံ ၆ ဦးကို ARSAအဖွဲ့သတ်ဖြတ်သွားတယ်လို့ AAထုတ်ပြန်

  • Writer: BVJ
    BVJ
  • 16 hours ago
  • 1 min read

BVJ/ဂျိုး_အောက်တိုဘာ ၁၊ ၂၀၂၅

မောင်တောက AAစခန်းတခုကို ၂၀၂၅၊ စက်တင်ဘာလအတွင်း သိမ်းမိကြောင်း ARSAထုတ်ပြန်ထားပုံ။
မောင်တောက AAစခန်းတခုကို ၂၀၂၅၊ စက်တင်ဘာလအတွင်း သိမ်းမိကြောင်း ARSAထုတ်ပြန်ထားပုံ။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်အတွင်း ရခိုင်ဒေသခံ ၆ ဦးကို မူဆလင်လက်နက်ကိုင် ARSAအဖွဲ့ကသတ်ဖြတ်ပြီးတော့ စွန့်ပစ်ထားတဲ့အလောင်းတွေကို အာရက္ခတပ်တော်-AAက ရှာဖွေတွေ့ရှိခဲ့တယ်လို့ AAက ဒီနေ့မှာထုတ်ပြန်လာပါတယ်။

 

အဲဒီသေဆုံးနေတဲ့အလောင်းတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ရက်နေ့ ညနေပိုင်းမှာ မောင်တောမြို့နယ် အထက်အင်းချောင်းရွာရဲ့ အနောက်မြောက်ဘက် မီတာ (၇၇၀)လောက်မှာရှိတဲ့ ငှက်ပျောတောအုပ်ထဲမှာ AAလုံခြုံရေးတပ်ဖွဲ့ဝင်တွေက တွေ့ရှိခဲ့တာဖြစ်တယ်လို့ လည်း ထုတ်ပြန်ချက်မှာဖော်ြပထားပါတယ်။

 

“ငှက်ပျောတောအုပ်အတွင်း အလောင်းတစ်လောင်းစီကို နေရာနှစ်ခုဖြင့်လည်းကောင်း၊ နှစ်လောင်းစီကို နေရာနှစ်ခုဖြင့်လည်းကောင်း၊ အလောင်း (၆) လောင်းအား နေရာ (၄) ခု ခွဲ၍ စွန့်ပစ်ထားခဲ့ခြင်းဖြစ်သည်” လို့ AAက ထုတ်ပြန်ထားတာပါ။

 

သေဆုံးသွားသူတွေဟာ မောင်တောနယ်စပ် တမန်းသားရွာနဲ့ ဒုံးညိုရွာတွေကပျောက်ဆုံးနေတဲ့ ရွာသားတွေထဲက (၆)ဦးရဲ့ ရုပ်အလောင်းတွေဖြစ်နိုင်ပြီး လက်ရှိမှာစစ်ဆေးမှုတွေလုပ်နေတယ်လို့လည်း  AAကပြောထားပါတယ်။

 

မူဆလင်လက်နက်ကိုင် ARSAအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာပဲ မောင်တောမြို့နယ်မြောက်ပိုင်း နယ်စပ်မှတ်တိုင် (၅၆)နဲ့(၅၇)အကြား ပွိုင့် (၆၀၁)ကုန်းက အာရက္ခတပ်တော် နယ်စပ်လုံခြုံရေးတပ်စခန်းနဲ့ ဒုံးညိုရွာအနီးက ဒုံးညိုစခန်းတို့ကိုသိမ်းပိုက်နိုင်ဖို့ရည်ရွယ်ချက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းကနေ နည်းလမ်းမျိုးစုံနဲ့စိမ့်ဝင်ထိုးဖောက် ဝင်ရောက်မှုတွေလည်းရှိနေတယ်လို့ AAကဆိုပါတယ်။

 

အဲ့ဒီ လုံခြုံရေးစခန်းနှစ်ခုကိုသိမ်းပိုက်ဖို့ကြိုးစားနေတဲ့ကာလအတွင်းမှာ စခန်းနှစ်ခုဆီ သွားရာလမ်းတလျှောက်မှာ မူဆလင်မဟုတ်တဲ့အရပ်သားပြည်သူတွေကို နှုတ်ပိတ်တဲ့အနေနဲ့ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ကာ အလောင်းတွေကိုလူသူအရောက်နည်းတဲ့နေရာတွေမှာ စွန့်ပစ်ထားခဲ့ကြတာလို့လည်း AAကထုတ်ပြန်ပါတယ်။

 

AAထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်အတွင်းမှာ မူဆလင်မဟုတ်တဲ့ ဒေသခံအရပ်သားတွေ မကြာခဏဆိုသလို မူဆလင်လက်နက်ကိုင်တွေရဲ့ သတ်ဖြတ်တာကိုခံနေကြရပြီး လက်ရှိအချိန်ထိ လူပျောက်တိုင်ထားတာ ၁၀ဦးအထိရှိတယ်လို့လည်း AAကပြောထားပါတယ်။

 

လက်ရှိမှာတော့ မောင်တောမြို့နယ်အတွင်းမှာ ထွက်ပြေးနေတဲ့ ARSAအဖွဲ့ဝင်တွေကိုလိုက်လံရှင်း လင်းနေပြီး ဒေသအတွင်းအကြမ်းဖက်အန္တရာယ်ကင်းဝေးစေဖို့နဲ့ ပြည်သူ့လုံခြုံရေးအတွက် AAအနေနဲ့ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

 

ဒါ့အပြင် မောင်တောမြို့နယ်အတွင်းမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့လည်း တောတောင်တွေနဲ့ လူသွားလူလာပြတ်လပ်တဲ့နေရာတွေကိုမသွားလာကြဖို့နဲ့ အရေးပေါ်သွားမဖြစ်မနေသွားလာရမယ်ဆိုရင်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေဆီမှာ သတင်းပေးပို့ပြီးမှသွားဖို့ကို AAဘက်ကတိုက်တွန်းထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page