“သွေးသစ္စာ” သီချင်းဆိုလို့ စစ်ကောင်စီဖမ်းဆီးထားတဲ့ ကျောင်းအုပ်ဆရာကြီးအပါအဝင် ၃ ဦးပြန်မလွတ်သေး
- BVJ

- Jun 5
- 1 min read
BVJ/ထက်အောင် _ ဇွန် ၅ ၊ ၂၀၂၅

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့မှာ ကျောင်းအုပ်ဆရာကြီးတစ်ဦး၊ ကျောင်းဆရာတစ်ဦးနဲ့ ကျောင်းစောင့်ဝန်ထမ်းတစ်ဦးတို့ကို အရက်မူးပြီး “သွေးသစ္စာ” သီချင်းသီဆိုမှုနဲ့ စစ်ကောင်စီက မေ ၂၇ ရက်မှာ ဖမ်းဆီးထားပါတယ်။
ဖမ်းဆီးထားသူ ၃ ဦးကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဒေသခံတစ်ဦးရဲ့ပြောစကားကိုကိုကားပြီးဖော်ပြထားပေမဲ့ စစ်ကောင်စီဘက်ကတော့ ဒီနေ့ ဇွန် ၅ ရက်အထိ မထုတ်ပြန်ထားသေးပါဘူး။
စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကန့်ဘလူမြို့နယ် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း Non CDM ကျောင်းအုပ်ဆရာကြီး၊ ကျောင်းဆရာနဲ့ ကျောင်းစောင့်ဝန်ထမ်းတို့ဟာ ပြီးခဲ့တဲ့ မေလ ၂၂ ရက်ဝန်းကျင်က စားသောက်ဆိုင်ကနေ အရက်မူးပြီး ဆိုင်ကယ်နဲ့ပြန်လာချိန် ကားလမ်းမတစ်လျှောက် “သွေးသစ္စာ” သီချင်းကို သီဆိုသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကားလမ်းမတစ်လျှောက် “သွေးသစ္စာ”သီချင်း သီဆိုမှုကြောင့် အထက ၁ ကျောင်းအုပ်ဆရာကြီး ဦးမိုးထွန်း၊ အထက်တန်းပြဆရာ ဦးစိုးသင်းနဲ့ ကျောင်းစောင့်ဖြစ်သူ ဦးညွန့်ဝင်းတို့ကို ကနဦး ခံဝန်ထိုးခိုင်းတယ်လို့သိရပြီး မေ ၂၇ ရက်မှာ စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားတယ်လို့လည်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့ ကျောင်းအုပ်ဆရာကြီး ဦးမိုးထွန်းဟာ တန့်ဆည်မြို့နယ်ကနေ ပြောင်းရွှေ့လာပြီး ကန့်ဘလူ တာဝန်ကျတာ ကာလမကြာမြင့်သေးဘူးလို့လည်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က Burma VJ ကို ပြောပါတယ်။ ကျောင်းအုပ်ဆရာကြီးကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ကျောင်းဝင်းအဆောင်မှာနေထိုင်တဲ့ ကျောင်းဆရာကြီးရဲ့ အမျိုးသမီးဖြစ်သူလည်း တန့်ဆည်မြို့ကို ပြန်သွားတယ်လို့ သိရပါတယ်။







Comments