top of page

ဘုရင်စနစ်ကိုပြစ်မှားစော်ကားမှုနဲ့ ထိုင်းလူ့အခွင့်အရေးရှေ့နေရဲ့ ထောင်ဒဏ်ကို ၃၄ နှစ်အထိ တိုးမြှင့်ပြစ်ဒဏ်ချမှတ်

Writer: BVJ
BVJ
Nov 2
1 min read

နီသွင်/BVJ_နိုဝင်ဘာ ၁၊၂၀၂၆

ထိုင်းတရားရုံးတစ်ခုဟာ ဒီမိုကရေစီရေးလှုပ်ရှားသူ အာနွန် နမ်ပါ (Arnon Nampa)ကို ဘုရင်စနစ်ကိုစော်ကားမှုနဲ့ နောက်ထပ်ထောင်ဒဏ် ၂ နှစ်နဲ့ ၈ လတိုးမြှင့်ပြစ်ဒဏ်ချမှတ်လိုက်တာကြောင့် သူရဲ့ စုစုပေါင်း ထောင်ဒဏ်ဟာ ၃၄ နှစ်ကျော်အထိရှိသွားပြီဖြစ်ပါတယ်။


မြို့တော်ဘန်ကောက်က ပြစ်မှုဆိုင်ရာတရားရုံးဟာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၅ ရက်က ဘန်ကောက်မှာရှိတဲ့ Siam Commercial Bank ရုံးချုပ်အပြင်ဘက်မှာပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲအတွင်း ဘုရင်စနစ်ကိုပြစ်မှားစော်ကားခဲ့မှုအတွက် အာနွန် နမ်ပါအပါအဝင် တရားခံ ၅ ဦးစလုံးမှာ အပြစ်ရှိကြောင်း သောကြာနေ့ကဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ထိုင်းလူ့အခွင့်အရေး ရှေ့နေများအဖွဲ့ (Thai Lawyers for Human Rights) က ပြောပါတယ်။


တရားရုံးက သူတို့ ၅ ဦးစလုံးကိုထောင်ဒဏ် ၄ နှစ်စီပြစ်ဒဏ်ချမှတ်ခဲ့ပြီးမှ သူတို့ရဲ့ထွက်ဆိုချက်တွေဟာ တရားရင်ဆိုင်မှုအတွက်အသုံးဝင်ခဲ့တာကြောင့် ထောင်ဒဏ်ကို ၂ နှစ်နဲ့ ၈ လစီလျှော့ပေါ့ပေးခဲ့တာပါ။

သောကြာနေ့ကထွက်ပေါ်လာတဲ့ ဒီစီရင်ချက်ဟာ အာနွန် နမ်ပါကို အဆိုပါ ဥပဒေနဲ့တရားစွဲဆိုထားတဲ့ အမှု ၁၄ မှုအနက်တစ်ခုဖြစ်ပြီး နောက်ထပ် ၂ မှုအတွက် စီရင်ချက်ချဖို့ကျန်ရှိနေသေးတာဖြစ်ပါတယ်။


အမှုတစ်ခုချင်းစီက ပြစ်ဒဏ်တွေကိုစုပေါင်းတွက်ချက်တာဖြစ်ပြီး သောကြာနေ့မတိုင်မီကအထိ သူရဲ့ ပြစ်ဒဏ်ဟာ ၃၁ နှစ်နဲ့ ၉ လ ရှိနေခဲ့တာကြောင့် နောက်ထပ် ၂ နှစ်နဲ့ ၈ လထပ်တိုးလိုက်တဲ့အခါ စုစုပေါင်း ထောင်ဒဏ် ၃၄ နှစ်ကျော်အထိဖြစ်သွားတာလို့ ထိုင်းလူ့အခွင့်အရေး ရှေ့နေများအဖွဲ့ကပြောပါတယ်။ သောကြာနေ့က ပြစ်ဒဏ်ချမှတ်ခံရသူ ၅ ဦးအနက် ၃ ဦးဟာ အရင်ပြစ်ဒဏ်တွေကြောင့်ထောင်ဒဏ်ကျခံနေရပြီးသားဖြစ်တယ်လို့ အာနွန် နမ်ပါရဲ့ ရှေ့နေ ခရစ်ဆာဒမ်း နွတ်ချာရတ် (Krisadang Nutcharut) က AFPသတင်းဌာနကိုပြောပါတယ်။


အသက် ၄၂ နှစ်အရွယ် လူ့အခွင့်အရေး ရှေ့နေ အာနွန် နမ်ပါဟာ ဆန္ဒပြပွဲတွေနဲ့ လူမှုကွန်ရက်ပို့စ်တွေကြောင့် ၂၀၂၃ ခုနှစ်ကတည်းက ထောင်ဒဏ်ကျခံနေရတာပါ။ ၂၀၂၀ ဆန္ဒပြပွဲတုန်းက တော်ဝင်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကိုစီမံခန့်ခွဲတဲ့ တော်ဝင်ပစ္စည်းများဆိုင်ရာဗျူရိုကနေ Siam Commercial Bank ရဲ့ ရှယ်ယာတွေလွှဲပြောင်းမှုကို ပိုမိုပွင့်လင်းမြင်သာမှုရှိဖို့သူကတောင်းဆိုခဲ့တာဖြစ်ကြောင်း ရှေ့နေ ခရစ်ဆာဒမ်းကပြောပါတယ်။ SCBxရဲ့ဝဘ်ဆိုက်ဖော်ပြချက်အရ ထိုင်းဘုရင် မဟာဝဇိရာလင်္ကရဏဟာ အဲ့ဒီဘဏ်ရဲ့မိခင်ကုမ္ပဏီ SCBx မှာ ၂၃.၆ ရာခိုင်နှုန်းနဲ့ အကြီးဆုံးရှယ်ယာရှင်ဖြစ်ပါတယ်။


"အခုဆိုရင် ဒီဥပဒေဟာ နိုင်ငံရေးအတိုက်အခံတွေကိုနှိမ်နင်းဖို့သုံးတဲ့ နိုင်ငံရေးလက်နက်တစ်ခုဖြစ်လာတာထင်ရှားနေပါပြီ" လို့ ရှေ့နေ ခရစ်ဆာဒမ်း က AFPကိုပြောပါတယ်။ အာနွန် နမ်ပါကလည်း စီရင်ချက်ထွက်လာပြီးနောက် အခုလိုပြစ်ဒဏ်ချခံရတာကိုမအံ့ဩပါဘူးလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။


"နိုင်ငံသာပိုမိုပွင့်လင်းမြင်သာမှုရှိမယ်ဆိုရင် ကျနော်တို့အနေနဲ့ ဒီကိစ္စတွေကိုလွတ်လပ်စွာဆွေးနွေးနိုင်ကြမှာပါ" လို့ သူက ဆိုပါတယ်။

ထိုင်းရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၁၂ ဟာ ဘုရင်၊ မိဖုရား၊ အိမ်ရှေ့မင်းသား သို့မဟုတ် ရင်ခွင်ပိုက် အုပ်ချုပ်သူကို အရေအသာပျက်စေမှု၊ ပုတ်ခတ်စော်ကားမှု သို့မဟုတ် ခြိမ်းခြောက်မှုပြုလုပ်သူမည်သူ့ကိုမဆို ထောင်ဒဏ် ၃ နှစ်ကနေ ၁၅ နှစ်အထိပြစ်ဒဏ်ချမှတ်နိုင်တာဖြစ်ပါတယ်။


ထိုင်းတာဝန်ရှိသူတွေကတော့ ဒီဥပဒေဟာ ပြည်သူအများစုကဘုရင်စနစ်ကို အလွန်အမင်းရိုသေလေးစားကြတဲ့ နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းကို ရောင်ပြန်ဟပ်တာဖြစ်တယ်လို့ ကာကွယ်ပြောဆိုကြပြီး ဝေဖန်သူတွေကတော့ ဒါဟာ သဘောထားကွဲလွဲသူတွေကိုနှုတ်ပိတ်ဖို့ အသုံးပြုနေတာလို့ပြောကြပါတယ်။


၂၀၂၀ ပြည့်နှစ်ကတည်းကဆိုရင် အသက် ၁၈ နှစ်အောက်လူငယ် ၂၀ အပါအဝင် လူပေါင်း ၂၉၀ ထက်မနည်း ဒီဥပဒေနဲ့တရားစွဲဆိုခံထားရပြီး ထောင်ဒဏ် နှစ် ၅၀ အထိစီရင်ချက်ချခံရမှုတွေလည်းရှိခဲ့ပါတယ်။ အာနွန်နမ်ပါဟာ လူငယ်တွေဦးဆောင်ခဲ့တဲ့ ၂၀၂၀ ဆန္ဒပြပွဲတွေအတွင်း ထင်ရှားလာခဲ့သူဖြစ်ပြီး အဲဒီတုန်းက စစ်တပ်ကရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဘုရင်စနစ်ကိုပြုပြင်ပြောင်းလဲဖို့ ပြည်သူသောင်းနဲ့ချီ လမ်းပေါ်ထွက် တောင်းဆိုခဲ့ကြတာပါ။


အဲဒီနှစ် သြဂုတ်လက ဘန်ကောက်မှာပြုလုပ်ခဲ့တဲ့ဆန္ဒပြပွဲတစ်ခုမှာတော့ သူဟာ ဟာရီပေါ့တာ (Harry Potter) ဝတ်စုံကိုဝတ်ဆင်ပြီး ဘုရင်စနစ်ကို စိစစ်ဝေဖန်ပိုင်ခွင့်ရှိဖို့ တောင်းဆိုမိန့်ခွန်းပြောကြားခဲ့ဖူးပါတယ်။

ခရက်ဒစ်- The Independent

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page