အီရန်ကို ၄၁နှစ်ကြာအုပ်ချုပ်ခဲ့တဲ့ ဘာသာရေးခေါင်းဆောင် အလီခါမေနီ
- BVJ

- Mar 3
- 1 min read
အေတီ

အလီခါမေနီကို ၁၉၃၉ ခုနှစ်မှာ အီရန်အရှေ့မြောက်ပိုင်း မာရှတ် (Mashhad) မြို့က ဘာသာရေးပညာရှင်တစ်ဦးရဲ့သားအဖြစ်မွေးဖွားခဲ့ပါတယ်။ရှားဘုရင် မိုဟာမက် ရီဇာ ပါလပ်ဗီ (Shah Mohammad Reza Pahlavi)ကိုဆန့်ကျင်တဲ့ အယာတိုလာ ခိုမေနီ (Ayatollah Khomeini)ရဲ့ ဘာသာရေးအတိုက်အခံ လှုပ်ရှားမှုထဲကို ၁၉၆၂ခုနှစ်ကစပြီးဝင်ရောက်ပူးပေါင်းလှုပ်ရှားခဲ့ပါတယ်။
၁၉၇၉ ခုနှစ်မှာ အစ္စလာမ်မစ်တော်လှန်ရေးအောင်မြင်ပြီးနောက် ခါမေနီဟာ အီရန်နိုင်ငံရဲ့ ဒုတိယကာကွယ်ရေးဝန်ကြီးဖြစ်လာခဲ့ပြီး အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ဖွဲ့စည်းထူထောင်ရာမှာလည်းပါဝင်ကူညီခဲ့ပါတယ်။
၁၉၈၉ ခုနှစ်၊ဇွန်လမှာ ခိုမေနီကွယ်လွန်ပြီးနောက် ဘာသာရေးကောင်စီ (Assembly of Experts) က အလီခါမေနီကိုအမြင့်ဆုံးခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက သူဟာအခြေခံဥပဒေမှာသတ်မှတ်ထားတဲ့ ရှီအာဘာသာရေးအဆင့်အတန်း "Marja-e taqlid" (အတုယူဖွယ်ရာပုဂ္ဂိုလ် သို့မဟုတ် ဂရန်းအယာတိုလာ) အဆင့်ကိုမရောက်ရှိသေးပါဘူး။
အဲ့ဒီအခက်အခဲကိုဖြေရှင်းဖို့ အမြင့်ဆုံးခေါင်းဆောင်ဟာ "အစ္စလာမ်မစ်ပညာရပ်ဆိုင်ရာကျွမ်းကျင်မှု"ရှိရမယ်လို့ အခြေခံဥပဒေကိုပြင်ဆင်ခဲ့ပြီးနောက် ခါမေနီ အယာတိုလာ အဆင့်တက်လှမ်းနိုင်ခဲ့ပြီး အမြင့်ဆုံးခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။
ခါမေနီဟာ အီရန်နိုင်ငံရေးနဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခဲ့ပြီး အုပ်ချုပ်ရေးစနစ်ကိုစိန်ခေါ်လာမှုမှန်သမျှကို တုံ့ပြန်နှိမ်နင်းခဲ့ရာ တခါတရံ အကြမ်းဖက်နည်းလမ်းတွေကိုအသုံးပြုခဲ့ပါတယ်။
နိုင်ငံတကာရေးရာတွေမှာလည်း အမေရိကန်နဲ့ထိပ်တိုက်ရင်ဆိုင်မှုတွေအပါအဝင် တင်းမာတဲ့ရပ်တည်ချက်တွေကို အမြဲတစေဆုပ်ကိုင်ခဲ့ပါတယ်။ အနောက်နိုင်ငံတွေ(အထူးသဖြင့် အမေရိကန်)နဲ့ ဆက်ဆံရေးအပေါ် သံသယရှိခဲ့သလို၊ အစ္စရေးနိုင်ငံကိုဖျက်ဆီးပစ်ဖို့အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီး ဟိုလိုကော့စ် (ဂျူးမျိုးတုံးသတ်ဖြတ်မှု) တကယ်ဖြစ်ခဲ့သလားဆိုတာကိုလည်း လူသိရှင်ကြား မေးခွန်းထုတ်ခဲ့သူဖြစ်ပါတယ်။
သားသမီး ၆ဦးရှိတဲ့ ခါမေနီရဲ့အုပ်ချုပ်မှုသက်တမ်းအတွင်း အီရန်သမ္မတ(၇)ဦးအထိ ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ ခါမေနီရဲ့အုပ်ချုပ်မှုအဆုံးသတ်သွားတာဟာ အီရန်နိုင်ငံအတွက် သမိုင်းတစ်ကွေ့ အဆုံးသတ်သွားတာဖြစ်သလို အရှေ့အလယ်ပိုင်းဒေသတခုလုံးအတွက်လည်း စစ်ပွဲသစ်တစ်ခုရဲ့ အစ သို့မဟုတ် ငြိမ်းချမ်းရေးအစလည်းဖြစ်သွားနိုင်ပါတယ်။
အယာတိုလာ အလီခါမေနီ (Ayatollah Ali Khamenei) သေဆုံးမှုသာအတည်ဖြစ်ခဲ့မယ်ဆိုရင် အီရန်နိုင်ငံမှာကြီးမားတဲ့အာဏာလစ်ဟာမှု (Power Vacuum) တစ်ခုဖြစ်ပေါ်လာမှာသေချာပါတယ်။ အကြောင်းကတော ခါမေနီ အီရန်နိုင်ငံရဲ့ အမြင့်ဆုံးအာဏာကို ၁၉၈၉ ခုနှစ်ကတည်းကရယူထားတာကြောင့်ဖြစ်ပါတယ်။
ခရက်ဒစ်- ဘီဘီစီ




Comments