top of page

UNHCR - India က မြန်မာဒုက္ခသည်တွေရဲ့ အချက်အလက်တွေကို အိန္ဒိယအစိုးရထံ ပေးပို့နေတာကြောင့် ဖမ်းဆီးခံရမှုနဲ့ ပြန်ပို့ခံရမှုတွေရှိနေ

  • Writer: BVJ
    BVJ
  • Jul 5
  • 1 min read

BVJ/ကိုတူး _ ဇူလိုင် ၅ ၊ ၂၀၂၅

အိန္ဒိယအခြေစိုက် UNHCR ရုံး (Photo: Pradeep Gaur/Mint)
အိန္ဒိယအခြေစိုက် UNHCR ရုံး (Photo: Pradeep Gaur/Mint)

အိန္ဒိယနိုင်ငံထဲမှာရှိတဲ့ မြန်မာဒုက္ခသည်တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အိန္ဒိယအခြေစိုက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) က အိန္ဒိယအာဏာပိုင်တွေထံ ပေးပို့ခဲ့တာကြောင့် ဖမ်းဆီးခံရမှုနဲ့ မြန်မာနိုင်ငံကို ပြန်ပို့ခံရမှုတွေရှိနေတယ်လို့ India For Myanmar နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံထဲ ဝင်ရောက်ခိုလှုံနေတဲ့ မြန်မာနိုင်ငံအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည် ၁၀၀၀၀ ကျော်ဟာ အိန္ဒိယအခြေစိုက် UNHCR ရုံးမှာ ဒုက္ခသည်အနေနဲ့ မှတ်ပုံတင်ထားပြီး အကာအကွယ်တောင်းခံထားကြပါတယ်။

ဒါပေမဲ့ မြန်မာရွှေ့ပြောင်းဒုက္ခသည်တွေရဲ့ အချက်အလက်တွေကို UNHCR -India က အကာအကွယ်ပေးရမယ့်အစား အိန္ဒိယအစိုးရဆီ ပေးပို့ခဲ့တာကြောင့် မြန်မာနိုင်ငံသား ၂၆၁ ဦးကို အိန္ဒိယအာဏာပိုင်တွေက နိုင်ငံခြားသားဥပဒေနဲ့ ဖမ်းဆီးခဲ့ပါတယ်။အဲ့ဒီထဲက အမျိုးသား ၂ ဦးဟာ အကျဉ်းထောင်အတွင်း သေဆုံးခဲ့ရသလို အမျိုးသမီး ၆ ဦးဟာလည်း အကျဉ်းထောင်အတွင်း မှာ ကလေးမွေးဖွားခဲ့ရတယ်လို့ သိရပါတယ်။


ဒါ့အပြင် ဒုက္ခသည် ၁၃၄ ဦးကိုလည်း အိန္ဒိယအာဏာပိုင်တွေက စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့တာရှိပါတယ်။ ပြီးခဲ့တဲ့ မေလ ၆ ရက်ကလည်း ရိုဟင်ဂျာဒုက္ခသည် ၄၀ ဦးကို အိန္ဒိယအာဏာပိုင်တွေက ဖမ်းဆီးပြီး မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တာတွေရှိခဲ့တယ်လို့ သိရပါတယ်။


“UNHCR ဆီကို အချက်အလက်အချို့ပေးပို့ခဲ့တာတော့ အတော်ကြာပြီလို့ ရိုဟင်ဂျာတွေကတော့ ပြောတယ်။ သူတို့ Register စလုပ်ကတည်းကပို့ပြီး ကိုယ်တိုင်လည်းပို့ခိုင်းတယ်လို့ ပြောတယ်။ အိန္ဒိယနဲ့ ပါကစ္စတန် တိုက်ပွဲဖြစ်လာပြီးနောက်ပိုင်းမှာ အိန္ဒိယက နယ်စပ်မူဝါဒတွေနဲ့ နိုင်ငံခြားရေးမူဝါဒတချို့ အပြောင်းအလဲလုပ်လာပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံသားတွေရဲ့ အချက်အလက်ကို အိန္ဒိယက ဝင်ယူတာတို့ရှိတယ်၊ အဓိကအားဖြင့် အဲ့ဒီမတိုင်ခင်ကတည်းကတင် ယူချင်ယူလို့ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ မယူသေးဘဲနဲ့ အခု အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခဖြစ်ပေါ်ပြီးနောက်ပိုင်းကျမှသာ ဝင်ယူတဲ့သဘောနဲ့ ကျွန်တော်တို့ သိထားရတယ်” လို့ India For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ Salai Dokhar က ပြောပါတယ်။


ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်ကလည်း UNHCR-India ရဲ့အချက်အလက်တွေကို အခြေခံပြီး အိန္ဒိယအာဏာပိုင်တွေက မြန်မာနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ နေထိုင်ရာနေအိမ်တွေကို အကြောင်းမဲ့ဝင်ရောက်စစ်ဆေးတာ၊ နိုင်ငံခြားသားမှတ်ပုံတင်ရုံး (FRRO) ကို မဖြစ်မနေ လာရောက်ဖို့ ဆင့်ခေါ်တာ၊ နယူးဒေလီမြို့ပြင်ကို မထွက်ခွာဖို့နဲ့ နေအိမ်မပြောင်းရွှေ့ဖို့ တားမြစ်ကန့်သတ်တာတွေ စတဲ့ လုပ်ဆောင်မှုတွေလည်းရှိနေတာကြောင့် မြန်မာဒုက္ခသည်တွေအတွက် စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေ ဖြစ်စေခဲ့တယ်လို့ India Form Myanmar နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။


မြန်မာဒုက္ခသည်တွေရဲ့ အချက်အလက်တွေကို UNHCR – India ကနေ အိန္ဒိယအစိုးရထံ အကာအကွယ်မဲ့ အချက်အလက်လွှဲပြောင်းပေးခဲ့မှုတွေကြောင့် UNHCR -India က တာဝန်ရှိသူတွေကို UNHCR ရုံးချုပ်အနေနဲ့ စုံစမ်းစစ်ဆေးပြီး အရေးယူဆောင်ရွက်ပေးဖို့နဲ့ မြန်မာဒုက္ခသည်တွေရဲ့ လုံခြုံရေးနဲ့ စိန်ခေါ်မှုတွေကို အမြန်ဆုံးဖြေရှင်းပေးဖို့ကိုလည်း India For Myanmar နဲ့ အရပ်ဘက်အဖွဲ့အစည်း ၁၄၁ ဖွဲ့ကလည်း မနေ့ ဇူလိုင် ၄ ရက်မှာ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုထားပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page