ABSDF ခေါင်းဆောင်တွေနဲ့ NUG MOD ဝန်ကြီး ဦးရည်မွန် တွေ့ဆုံပြီး စစ်ဘက်ဆိုင်ရာကိစ္စများ ဆွေးနွေး
- Zayar Oo
- Feb 21, 2025
- 1 min read
BVJ/အိုင်းရစ် _ ဖေဖော်ဝါရီ ၂၁ ၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ခေါင်းဆောင်တို့ တွေ့ဆုံခဲ့ပြီး လက်ရှိကာလ နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒုတိယ ဥက္ကဋ္ဌ ရဲဘော် လဆိုင်းနဲ့ ဗဟိုစစ်ကော်မရှင် အတွင်းရေးမှူး ရဲဘော် လှဌေးတို့ ABSDF စစ်ကြောင်း ၁ ၊ စစ်ကြောင်း ၂ နဲ့ စစ်ကြောင်း ၃ အခြေစိုက်ဒေသတွေကိုသွားရောက်ချိန် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။
“လတ်တလော စစ်ဆင်ရေးတွေ နိုင်ငံရေးဆိုင်ရာ လုပ်ငန်းတွေ ဆွေးနွေးခဲ့ကြတာပါ။ ဥက္ကဌနဲ့အတူ စစ်ကြောင်းမှူးတွေလည်း ပါပါတယ်” လို့ NUG ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့မှုနဲ့ပတ်သက်ပြီး ABSDF ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ကျော်ကျော်လင်းကလည်း Burma VJ ကို ပြောပါတယ်။
ABSDF (ကျောင်းသားတပ်မတော်) အမှတ် ၁ စစ်ကြောင်းနဲ့ အမှတ် ၂ စစ်ကြောင်းတို့ဟာ မြောက်ပိုင်းဒေသ ကချင်ပြည်နယ်အတွင်းမှာရှိပြီး အမှတ် ၃ စစ်ကြောင်းဟာ မကွေးတိုင်း ဂန့်ဂေါမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကောလင်း၊ ပင်လည်ဘူးမြို့နယ်တို့မှာ ရှိနေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က စက်တင်ဘာ ၁၂ ရက်ကလည်း စစ်အာဏာရှင်စနစ် ပပျောက်ရေးနဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စုပေါ်ထွန်း ရေးလုပ်ငန်းတွေမှာ အတူတကွ လက်တွဲတိုက်ပွဲဝင် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် NUG နဲ့ ABSDF နှစ်ဖက်အဖွဲ့အစည်းကြား နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲ့ကြပါသေးတယ်။




Comments