အညာဒေသက G12အောင်မြင်ပြီးကျောင်းသားတွေကို ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် စေလွှတ်မယ်
- BVJ

- Dec 1, 2025
- 1 min read
ယူဂရင်း/BVJ_ဒီဇင်ဘာ ၂၁၊ ၂၀၂၅

ဗကသများအဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့နဲ့ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် ဒုတိယအဓိပတိတို့ ဒေါက်တာအောင်နိုင်သူတို့ဟာ အခုနိုဝင်ဘာနောက်ဆုံးပတ်မှာတွေ့ဆုံပြီး ပညာရေးကိစ္စတွေဆွေးနွေးခဲ့ပါတယ်။
အခုတွေ့ဆုံဆွေးနွေးမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ပညာရေးဆိုင်ရာအခြေအနေတွေ၊ အဆင်မြင့်ပညာဆက်လက်သင်ယူခွင့်အခြေအနေတွေနဲ့ ဒီမိုကရေစီပညာရေးဆိုင်ရာကိစ္စရပ်တွေကို အဓိကထားဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်က သိရပါတယ်။
အဓိကအနေနဲ့ အညာဒေသရှိ NUGအုပ်ချုပ်ရေးအောက်က ကျောင်းတွေကကျောင်းသား၊ကျောင်းသူတွေကို လာမယ့်ပညာသင်နှစ် ၂၀၂၆ခုနှစ်မှာ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်ကို စေလွှတ်သင်ကြားပေးဖို့ကို ဆွေးနွေးခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ် ကိုယ်စားလှယ်တစ်ဦးက Burma VJကိုပြောပါတယ်။
“ကျနော်တို့အဓိကထားဆွေးနွေးခဲ့တာကတော့ အညာဒေသမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကဖွင့်လှစ်ထားတဲ့ ပြည်သူ့အခြေပြုကျောင်းတွေကနေ G12အောင်မြင်ပြီးတဲ့ကျောင်းသား၊ကျောင်းသူတွေကို အညာဒေသရဲ့ရေရှည်လိုအပ်ချက်ဖြစ်တဲ့ ကျန်းမာရေးကဏ္ဍဖြစ်တဲ့ ဆေးနဲ့ဆေးပညာတက္ကသိုလ်ရယ်၊ စိုက်ပျိုးရေး၊ နည်းပညာရယ်၊ အုပ်ချုပ်ရေးအတွက်ဆိုရင်တော့ Lawပေါ့နော်၊ နောက်တခုကကျတော့ Geology ဘူမိဗေဒပေါ့လေ အဲ့ဒီ ၅ခုကိုပဲ အညာဒေသကကျောင်းသား၊ကျောင်းသူတွေကို အဓိကစေလွှတ်ပြီးတော့ ပညာသင်ခိုင်းမှာဖြစ်တယ်ဗျ”
ကျောင်းသား၊ကျောင်းသူ စေလွှတ်မှုမှာတော့ အကန့်အသတ်ရှိတာကြောင့် ရွေးချယ်စေလွှတ်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဗကသများအဖွဲ့ချုပ်အနေနဲ့ ပညာရေးကော်မတီဖွဲ့စည်းပြီး လက်ရှိမှာတော့ အညာဒေသတွင်းပြည်သူ့အခြေပြုကျောင်းတွေမှာသင်တန်းတွေ လိုက်လံပေးနေတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် Kachin State Comprehensive University (KSCU)ဟာ ကချင်လွတ်လပ်ရေးအဖွဲ့-ကေအိုင်အိုထိန်းချုပ်ရာ လိုင်ဇာဒေသမှာတည်ရှိပြီး အာဏာသိမ်းပြီးနောက် လစ်ဟာနေတဲ့ပညာရေးကဏ္ဍကွက်လပ်ကို ဖြည့်ဆည်းတဲ့အနေနဲ့ ဖွင့်လှစ်သင်ကြားပေးနေတာဖြစ်ပါတယ်။
KSCUမှာ CDM တက္ကသိုလ် ဆရာ၊ ဆရာမတွေဦးဆောင်နေတာလည်း ဖြစ်ပါတယ်။
ဓါတ်ပုံ-ဗကသများအဖွဲ့ချုပ်ကိုယ်စားလှယ်တွေနဲ့ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် ဒုတိယအဓိပတိတို့တွေ့ဆုံနေပုံ။







Comments