အမေရိကန်ဘက်ကထပ်ပြီးတိုက်ခိုက်လာရင် အခြားနိုင်ငံတွေရဲ့ စွမ်းအင်လုပ်ငန်းတွေကိုတိုက်ခိုက်မယ်လို့ အီရန် သတိပေး
- BVJ

- 5 days ago
- 1 min read
အေတီ/BVJ_သြဂုတ် ၂၊ ၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ရဲ့ပစ်မှတ်တွေကိုထပ်မံတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားတာနဲ့ပတ်သက်ပြီး အမေရိကန်တပ်ဖွဲ့တွေက တကယ်တမ်းဆက်လုပ်ဆောင်လာမယ်ဆိုရင် အီရန်အနေနဲ့ပြတ်ပြတ်သားသား ပြန်လည်တုံ့ပြန်သွားမှာဖြစ်ကြောင်း၊ အမေရိကန်ရဲ့ ဘယ်လို "စွန့်စားလုပ်ဆောင်မှု" မျိုးကိုမဆိုသတိပြုကြဖို့ ဒီသီတင်းပတ်ကုန်မှာ အီရန်က သတိပေးလိုက်ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရက်ချီ (Abbas Araqchi) က တူရကီ၊ ပါကစ္စတန်နဲ့ ဆော်ဒီအာရေဗျနိုင်ငံက အဆင့်မြင့်အရာရှိတွေနဲ့ စနေနေ့က ဖုန်းအသီးသီးဆက်သွယ်ပြောဆိုခဲ့ပါတယ်။ ဒီပြောဆိုမှုတွေဟာ အီရန်ကနေပစ်လွှတ်လိုက်တဲ့ ဒရုန်းတွေကို ကူဝိတ်စစ်တပ်က အရေးကြီးတဲ့အဆောက်အအုံတွေဆီမရောက်ခင် ဖျက်ဆီးလိုက်နိုင်တယ်လို့သတင်းထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲဖြစ်ပေါ်ခဲ့တာပါ။
အရက်ချီရဲ့ တယ်လီဂရမ်အကောင့်မှာဖော်ပြချက်အရ ပါကစ္စတန်စစ်ဦးစီးချုပ် ဖီးလ်မာရှယ် အာဆင် မူနီယာနဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန် ဖီဒန်တို့ကို ဖုန်းဆက်ပြောဆိုရာမှာတော့ အီရန်အနေနဲ့ ဘယ်လို "ရန်စမှုမျိုး" ကိုမဆို ပြတ်ပြတ်သားသားတုံ့ပြန်သွားမှာဖြစ်ကြောင်း၊ အမေရိကန်ရဲ့ တည်ငြိမ်မှု ပျက်ပြားစေတဲ့လုပ်ရပ်တွေကြောင့် ဒေသတွင်းမှာလုံခြုံရေးပိုမိုဆိုးရွားလာနိုင်တဲ့ အခြေအနေတွေကိုဆွေးနွေးခဲ့ပါတယ်။
အဲဒီနောက် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ် ဘင် ဖာဟန်နဲ့ ပြောဆိုရာမှာလည်း အမေရိကန်နဲ့အစ္စရေးတို့ကတိုက်ခိုက်လာရင် ဒါမှမဟုတ် ဒေသတွင်းနိုင်ငံတွေက အဲဒီတိုက်ခိုက်မှုမှာပါဝင်လာရင် "အချိုးကျတဲ့ ပြန်လည်တုံ့ပြန်မှု" ရှိလာလိမ့်မယ်လို့ အရက်ချီကသတိပေးခဲ့ပါတယ်။
အီရန်ရဲ့ ထိပ်တန်းလုံခြုံရေးအဖွဲ့နဲ့ပတ်သက်နေတဲ့ Nournews သတင်းဌာနကတော့ အမေရိကန်အနေနဲ့ အီရန်ရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်လာမယ်ဆိုရင် ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှာရှိတဲ့ ရေနံမြေတွေ၊ ကာတာနဲ့ အစ္စရေးနိုင်ငံမှာရှိတဲ့ ဂတ်စ်မြေတွေကို အီရန်ကပစ်မှတ်ထားတိုက်ခိုက်မှာဖြစ်ပြီး "အားလုံးပြာကျသွားလိမ့်မယ်" လို့ စနေနေ့ကကြေညာခဲ့ပါတယ်။
သောကြာနေ့က ကမ့်ပ်ဒေးဗစ် (Camp David) မှာ ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာတော့ သမ္မတထရမ့်က သူ့ရဲ့ သမက်ဖြစ်သူ ဂျရက် ကုရှ်နာ (Jared Kushner)၊ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio)တို့ပါဝင်တဲ့ အမေရိကန်ညှိနှိုင်းရေးအဖွဲ့ဟာ အီရန်နဲ့သဘောတူညီချက်တစ်ခုရရှိနိုင်ဦးမယ်လို့ ယုံကြည်ကြောင်းပြောပါတယ်။
ဒါပေမဲ့လည်း အီရန်တွေအပေါ် ယုံကြည်မှုလျော့နည်းလာနေကြောင်း သမ္မတထရမ့်က ထပ်လောင်းပြောဆိုပါတယ်။ "သူတို့က ကတိစကားကို ခဏခဏ ဖောက်ဖျက်လေ့ရှိတယ်" လို့သူကဆိုပါတယ်။ (တကယ်တော့ ဒီလိုစွပ်စွဲချက်မျိုးကိုပဲ တီဟီရန်အစိုးရကလည်း ဝါရှင်တန်ကို ခဏခဏပြန်ပြောလေ့ရှိတာပါ။) နောက်ဆုံးမှာတော့ သူတို့ကို "တိုက်ခိုက်သွားမယ်" လို့ သမ္မတထရမ့်က ပြောကြားခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြားနဲ့ လက်ရှိအခြေအနေ
ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကိုစတင်တိုက်ခိုက်ပြီးနောက်ပိုင်း ရေနံဈေးနှုန်းတွေကမြင့်တက်နေဆဲပါ။ အီရန်ကို နျူကလီးယားလက်နက် မပိုင်ဆိုင်စေရဘူးဆိုတဲ့သူ့ရဲ့ရည်ရွယ်ချက်အတွက် လက်ရှိကာလမှာ စွမ်းအင်ဈေးနှုန်းတွေမြင့်တက်နေတာဟာ ဖြစ်သင့်တဲ့အရာလို့ သမ္မတထရမ့်က တုံ့ပြန်ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း စီးပွားရေးအရထိခိုက်မှုတွေကြောင့် စစ်ပွဲကိုအဆုံးသတ်ဖို့အတွက် သူ့အပေါ် နိုင်ငံရေးအရဖိအားတွေရှိလာနေပါတယ်။
ဇူလိုင်လအတွင်းမှာပဲ Brent ရေနံစိမ်းဈေးနှုန်းဟာ ၂၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဒီနှစ်အတွင်းမှာလည်း ဈေးနှုန်းတွေထပ်တက်လာနိုင်တယ်လို့ ရိုက်တာသတင်းဌာနရဲ့စစ်တမ်းအရ ကျွမ်းကျင်သူတွေကခန့်မှန်းထားပါတယ်။ ပဋိပက္ခတွေ စတင်ကတည်းက ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုရဲ့အဓိကလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကိုဖြတ်သန်းတဲ့သင်္ဘောအများစုဟာ အီရန်ရဲ့ တိုက်ခိုက်မှုအန္တရာယ်ကြောင့် သွားလာရတာကိုရှောင်ကျဉ်နေကြရပြီး ဒါဟာ ကမ္ဘာ့စီးပွားရေးအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
စနေနေ့ကလည်း ကူဝိတ်မြောက်ပိုင်းရှိ အစိုးရအဆောက်အအုံတစ်ခုနဲ့ ဘူဘီယန်ကျွန်းမှာရှိတဲ့ ပုဂ္ဂလိကပိုင်ပစ္စည်းတစ်ခုတိုက်ခိုက်ခံခဲ့ရပြီး အပျက်အစီးတွေရှိခဲ့ပေမဲ့ လူထိခိုက်သေဆုံးမှုတော့မရှိခဲ့ဘူးလို့ ကူဝိတ်စစ်တပ်ကဆိုပါတယ်။
စွမ်းအင်လုပ်ငန်းတွေအတွက် စိုးရိမ်စရာနောက်တစ်ခုကတော့ ယီမင်နိုင်ငံက အီရန်ရဲ့မဟာမိတ် ဟူသီသူပုန်တွေဟာ ဆော်ဒီရေနံတင်ပို့ရာ လမ်းကြောင်းတစ်ခုဖြစ်တဲ့ ဘက်အယ်လ်မန်ဒက် (Bab el-Mandeb) ရေလက်ကြားကို ခြိမ်းခြောက်လာတာပါပဲ။
ဒီရေလက်ကြားဟာ စူးအက်တူးမြောင်းရဲ့ အခြားတစ်ဖက်မှာရှိတဲ့ ပင်လယ်နီရဲ့ အရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။
ဗြိတိန်ရေကြောင်းကုန်သွယ်ရေးအဖွဲ့ (UKMTO) ကလည်း စနေနေ့က အိုမန်ကမ်းလွန်မှာ ရေကြောင်းဆိုင်ရာဖြစ်ရပ်နှစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
တခုမှာတော့ ရေနံတင်သင်္ဘောတစ်စင်းဟာ အမည်မသိပစ်ခတ်မှုတစ်ခုကြောင့် အင်ဂျင်ခန်းပျက်စီးခဲ့ရပါတယ်။ နောက်ထပ်ဖြစ်ရပ်တစ်ခုမှာလည်း သင်္ဘောအနီးမှာကြီးမားတဲ့ ရေပန်းထွက်မှုနဲ့ပေါက်ကွဲမှုတစ်ခုကို သင်္ဘောမှူးကတွေ့မြင်ခဲ့ရကြောင်း၊ ဒါပေမဲ့ သင်္ဘောထိခိုက်မှုတော့မရှိခဲ့ကြောင်း အစီရင်ခံထားပါတယ်။



Comments