AAက စစ်ရေးအကူအညီပံ့ပိုးခဲ့တဲ့ အညာတပ်တွေပူးပေါင်းပါဝင်တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲ
- BVJ
- Apr 18
- 1 min read
BVJ/Moore _ ဧပြီ ၉ ၊ ၂၀၂၅

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင်တပ်ဖွဲ့နဲ့အတူ အညာတပ်ပေါင်းစုတွေ ပူးပေါင်းပါဝင်ခဲ့ပြီး အာရက္ခတပ်တော် (AA) က စစ်လက်နက်ခဲယမ်းတွေအပြင် စစ်ရေးဆိုင်ရာအကြံဉာဏ်တွေ ပံ့ပိုးကူညီခဲ့တယ်လို့ ချင်းညီနောင် (Chin Brotherhood – CB) က ဒီနေ့ ဧပြီ ၉ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဖလမ်းမြို့မှာရှိတဲ့ စစ်ကောင်စီနောက်ဆုံးလက်ကျန်စခန်း အမှတ် ၂၆၈ ခြေလျင်တပ်ရင်း (ခလရ) ကို ဧပြီ ၇ ရက်နေ့က အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီးနောက် ဖလမ်းမြို့တစ်ခုလုံးကို ချင်းညီနောင်တပ်ဖွဲ့က ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မင်းတပ်-ဖလမ်းမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာ ၉ ရက်မှာစတင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်မှာ မင်းတပ်မြို့ကို အပြီးသတ်သိမ်းယူနိုင်ခဲ့ပေမဲ့ ဖလမ်းမြို့ကိုတော့ ၅ လအကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ခလရ ၂၆၈ တပ်ရင်းမကျစေဖို့ စစ်ကောင်စီက ခလရ ၈၉ တပ်ရင်းကနေ စစ်ကူအင်အား ၁၀၀ ဝန်းကျင်ဖြည့်တင်းခဲ့သလို တပ်မ ၇၇ လက်အောက်ခံ ခလရ ၃၉၁ တပ်ရင်းကနေလည်း အင်အား ၁၀၀ ဖြည့်တင်းခဲ့ပြီး ငါးလအတွင်း လေကြောင်းပစ်ကူတိုက်ခိုက်မှု အကြိမ် ၁၀၀၀ ကျော် လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
ငါးလကြာ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင်တပ်ဖွဲ့နဲ့အတူ 96 Soldiers PDF ၊ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ၊ စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု (SFT) ၊ ယောကာကွယ်ရေးတပ် (YDF)၊ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့အပါအဝင် မဟာမိတ်တပ်ဖွဲ့ ၁၆ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
အခု သိမ်းယူနိုင်ခဲ့တဲ့ ဖလမ်းမျိုးအပါအဝင် မင်းတပ်၊ ကန်ပက်လက်၊ မတူပီမြို့တို့ကို မဟာမိတ်တပ်ဖွဲ့ ၆ ခုနဲ့ဖွဲ့စည်းထားတဲ့ ချင်းညီနောင်အဖွဲ့က သိမ်းယူထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပြီး ဟာခါး၊ တီးတိန်နဲ့ ထန်တလန်တို့ကိုတော့ စစ်ကောင်စီ ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
Comentarios