ရေကြည်နဲ့သာပေါင်းမှာ စစ်တပ်နဲ့အေအေ နှစ်ရက်ဆက်တိုက်တိုက်ပွဲပြင်းထန်ခဲ့
- BVJ

- Aug 5
- 1 min read
မိုနာ/BVJ_သြဂုတ် ၅၊ ၂၀၂၆

ဧရာဝတီတိုင်း၊ရေကြည်နဲ့သာပေါင်းမြို့နယ်တို့မှာ အခု သြဂုတ်လအစရက်တွေမှာ စစ်တပ်နဲ့နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ အာရက္ခတပ်တော်-အေအေရဲ့ ဒီနေ့သြဂုတ် ၅ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။
သြဂုတ်လ ၁ရက်နေ့မှာ သာပေါင်းမြိုနယ်၊ သာပေါင်းကလေးကျေးရွာရဲ့ အရှေ့ဘက် (၁.၀၆) ကီလိုမီတာခန့်အကွာမှာ စစ်တပ်နဲ့နေ့လယ် ၁နာရီ၅၁မိနစ်ကနေ ၃နာရီ၄၀မိနစ်အထိ နှစ်နာရီနီးပါးကြာတိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ အေအေကပြောထားပါတယ်။
သြဂုတ် ၂ရက်နေ့မှာတော့ ရေကြည်မြို့နယ်၊ ရုံးပင်ကျေးရွာအနောက်မြောက်ဘက် (၃.၃) ကီလိုမီတာခန့်အကွာမှာ မနက် ၁၁နာရီ၅၀မိနစ်ကနေ နေ့လယ် ၁နာရီ ၅၀မိနစ်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်ကအကျအဆုံးများတာကြောင့် တပ်ပြန်ဆုတ်သွားခဲ့ကြောင်းနဲ့ ညနေ၃နာရီ၄မိနစ်အချိန်မှာတော့ ရေကြည်မြိုနယ်၊ ရုံးပင်ကျေးရွာအနောက်မြောက်ဘက် (၃.၇) ကီလိုမီတာခန့်အကွာမှာ တိုက်ပွဲပြန်ဖြစ်ခဲ့ပြီး တိုက်ပွဲတစ်နာရီကျော်ကြာခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ ရန်သူ့ဘက်ကကျဆုံးသူတွေနဲ့လက်နက်ခဲယမ်းတွေကိုရရှိခဲ့ပြီး စစ်တပ်ရဲ့ထိုးစစ်တွေကို ရဲရင့်ပြောင်မြောက်တဲ့သတ္တိတို့နဲ့အတူ ဆင့်ကဲကွပ်ကဲမှုကောင်းကောင်းနဲ့တိုက်ပွဲဝင်နိုင်ခဲ့တဲ့ အာရက္ခစစ်သည်တော်တွေကို စစ်ရုံးချုပ်ကနေ မှတ်တမ်းတင်ဂုဏ်ပြုအပ်တယ်လို့လည်း အေအေကဖော်ပြထားပါတယ်။


ဒါ့အပြင် စစ်တပ်ဟာ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း အပါအဝင် ချင်းပြည် (တောင်ပိုင်း) အစရှိတဲ့ အာရက္ခဒေသနဲ့နယ်မြေထိစပ်နေတဲ့နေရာတွေကို တပြိုင်နက်ထဲထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး အေအေထိန်းချုပ်မြို့တွေထဲက ကျောက်တော်၊ မြောက်ဦး၊ သံတွဲ၊ ဂွ၊ ကျိန္တလီ၊ ဝီရဌာနီ(ပေါက်တော)နဲ့ ပုဏ္ဏားကျွန်း-စစ်တွေမြို့အစပ်နေရာတွေ၊ အရပ်သားပြည်သူတွေရှိရာ မြို့၊ ရွာ၊ ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိကအဆောက်အအုံတွေကို လေကြောင်းကနေ အုပ်စုလိုက် နေ့ည၊အချိန်မရွေး ဗုံးကြဲတိုက်ခိုက်ခြင်း၊ ပင်လယ်ပြင်မှာတပ်စွဲထားတဲ့ စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်နေကြောင်းနဲ့ ရခိုင်နဲ့ဧရာဝတီအစပ်နေရာတွေမှာတော့ နှစ်ဖက်တိုက်ပွဲတွေဟာနေ့တိုင်းဖြစ်နေတာလို့ အေအေကထုတ်ပြန်ထားပါတယ်။
မနေ့က သြဂုတ်လ ၄ရက် ညကိုးနာရီကျော်အချိန်မှာလည်း မြောက်ဦးမြို့နယ်ထဲကို စစ်တပ်ဘက်ကဗုံးအလုံးရေအများအပြားနဲ့ လေကြောင်းဗုံးကြဲခဲ့တယ်လို့လည်း ဒေသတွင်းကသိရပါတယ်။
ဓါတ်ပုံ-ဧရာဝတီတိုင်းတိုက်ပွဲအတွင်းရခဲ့တဲ့လက်နက်တွေကို အေအေတပ်ဖွဲ့ကထုတ်ပြန်ထားပုံ။




Comments