AAဆီကထိန်းချုပ်မြို့တချို့ပြန်ရရေး စစ်ကောင်စီကြိုးပမ်းနေ
- BVJ

- Oct 10
- 1 min read
BVJ/ဂျိုး_အောက်တိုဘာ ၁၀၊ ၂၀၂၅

ရခိုင်ပြည်နယ်က အာရက္ခတပ်တော်-AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တောင်ကုတ်၊သံတွဲ၊ ဂွနဲ့ အမ်းမြို့နယ်တွေကိုပြန်လည်ရရှိရေးအတွက် စစ်ကောင်စီဘက်ကထိုးစစ်ဆက်တိုက်ခိုက်နေသလို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရခိုင်ဒေသခံတွေကပြောကြပါတယ်။
ဒီနေ့မှာလည်း ရခိုင်တောင်ပိုင်း၊သံတွဲမြို့နယ်ထဲက ရွာရှည်ရွာအရှေ့ဘက်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့တယ်လို့ စစ်ရေးနီးစပ်သူတစ်ဦးကပြောပါတယ်။
“စက်တင်ဘာလအကုန်ပိုင်းကလည်း တောင်ကုတ်၊သံတွဲဘက်တွေ နေ့တိုင်းလိုလိုဗုံးကြဲခံရတယ်။ ဒီနေ့လည်း သံတွဲမြို့နယ်ထဲကိုဗုံးကြဲတယ်လို့သိရတယ်။ ရွာရှည်ရွာအရှေ့ဖက်ကို တောင်ခြေရင်းနားက ၂လုံးကြဲချခဲ့တာ။ ထိခိုက်မှုအခြေအနေကိုတော့လောလော ဆယ်မှာမသိရသေးဘူး”
စစ်ကောင်စီအနေနဲ့ လာမယ့်ဒီဇင်ဘာလကုန်ပိုင်းမှာကျင်းပမယ့် ရွေးကောက်ပွဲပထမပိုင်းမှာ ရခိုင်ပြည်နယ်က ကျောက်ဖြူ၊မာန်အောင်နဲ့ စစ်တွေမြို့နယ်တွေမှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး တောင်ကုတ်၊သံတွဲ၊ ဂွနဲ့အမ်းမြို့နယ်တွေကိုတော့ ရွေးကောက်ပွဲ ဒုတိယပိုင်းမှာ ထည့်သွင်းကျင်းပမယ်လို့ ထုတ်ပြန်ထားတာရှိပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲဒုတိယပိုင်းမကျင်းပခင် အဲ့ဒီမြို့နယ်တွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ အင်အားအလုံးအရင်းနဲ့ မြေပြင်ထိုးစစ်ဆင်နေတာကြောင့် ရခိုင်-မကွေးအစပ်နဲ့ ရခိုင်-ဧရာဝတီအစပ်စတဲ့နေရာတွေမှာ တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေတာပါ။ လက်ရှိအချိန်ထိတော့ ရခိုင်ဘက်အခြမ်းကို စစ်ကောင်စီထိုးစစ်တွေပေါက်ရောက်လာတာမတွေ့ရသေးဘူးလို့လည်း စစ်ရေးနီးစပ်သူတစ်ဦးက ပြောပါတယ်။
“သူတို့ကတော့ အင်အားအလုံးအရင်းနဲ့ မြေပြင်ထိုးစစ်ဆင်နေတာတွေ့တယ်။ ဒါပေမယ့် အခုအချိန်ထိတော့ ရခိုင်မြေကိုခြေတလှမ်းချနိုင်တာမရှိသေးဘူး။ တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း အရှင်ပြန်ဆင်းသွားရတာမရှိဘူး”
စစ်ကောင်စီအနေနဲ့မြေပြင်ထိုးစစ်မရောက်နိုင်ဘဲ အရပ်သားတွေကိုဦးတည်ဗုံးကြဲနေယုံနဲ့ ဒီနယ်မြေတွေကိုပြန်ရနိုင်မှာမဟုတ်သလို ရွေးကောက်ပွဲလုပ်နိုင်မှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။
“ဒီဒေသတွေက ရွေးကောက်ပွဲလုပ်ဖို့ ကြေငြာထားတဲ့ထဲမှာပါတာတွေ့တယ်။ ရွေးကောက်ပွဲ လုပ်ဖို့အတွက် သူတို့ ဒီလိုမျိုးလုပ်တာလား ဒါမှမဟုတ်ရည်ရွယ်ချက်ရှိရှိပြည်သူတွေကိုပဲ အကြောက်တရားဖြစ်ပေါ်အောင် ဗုံးကြဲပြီးတော့ သတ်ဖြတ်နေတာလားဆိုတာလည်းစဉ်းစားစရာပဲ။ ဒီလို ဗုံးကြဲနေရုံနဲ့တော့ဘာမှဖြစ်လာစရာအကြောင်းမရှိဘူး။ အဓိကနယ်မြေစိုးမိုးမှုပေါ်မှာပဲ မူတည်တာ နယ်မြေစိုးမိုးမှုမရှိဘူးဆိုရင် ဘယ်သူမှရွေးကောက်ပွဲလုပ်ဖို့ရမှာမဟုတ်ဘူး”
ပြီးခဲ့တဲ့ရက်ပိုင်အတွင်းက အာရက္ခတပ်တော်-AAထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က ကျောက်တော်၊သံတွဲမြို့နယ်နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို စစ်ကောင်စီလေတပ်ကဗုံးကြဲခဲ့တာကြောင့် အရပ်သား ၂၃ဦးသေဆုံးပြီးတော့ ၅၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။







Comments