ကျောက်ဖြူက AAထိန်းချုပ်ကျေးရွာတွေကို စစ်ကောင်စီလေကြောင်းဗုံးကြဲနေ
- BVJ

- Jul 23
- 1 min read
BVJ / ဂျိုး - ဇူလိုင် ၂၀ ၊ ၂၀၂၅

စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြား စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီဘက်က အင်အားတိုးမြှင့်နေပြီး AAထိန်းချုပ်ကျေးရွာတွေကို လေကြောင်းပစ်ခတ်တာတွေ ဒီရက်ပိုင်းတိုးမြှင့်လုပ်ဆောင်နေတယ်လို့ ကျောက်ဖြူဒေသခံတစ်ဦးက ပြောပါတယ်။
“လက်ရှိကတော့ အမှတ် ၃၂ ရဲတပ်ရင်းရှိတဲ့ ပြိုင်းစေ့ကေကျေးရွာနဲ့ လိပ်ခမော်ရွာဟောင်းဘက်တွေကို လေကြောင်းပစ်ခတ်တာတွေ ဒရုန်းတွေနဲ့လာရောက်ဗုံးကြဲတာတွေ တောက်လျောက်လုပ်နေတယ် ”လို့ ပြောပါတယ်။
တရုတ်စီမံကိန်းတွေ အများအပြားရှိနေတဲ့ ကျောက်ဖြူမြို့နယ်မှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာ ၅လကျော်အထိကြာမြင့်လာနေတာပါ။
လက်ရှိမှာတော့ ကျောက်ဖြူမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို AAဘက်ကထိုးစစ်ဆင်တိုက်ခိုက်တာတွေကို ရပ်ဆိုင်းထားပေမယ့် စစ်ကောင်စီဘက်က အင်းအားအလုံးအရင်းတွေနဲ့ AAထိန်းချုပ်ကျေးရွာတွေကို ရံဖန်ရံခါစစ်ကြောင်းထိုးတာတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။
“အမှတ် ၃၂ ရဲတပ်ရင်းရှိတဲ့ ပြိုင်းစေ့ကေ ကျေးရွာဘက်တွေမှာတော့ ထိတွေ့တိုက်ပွဲဖြစ်တာမကြာခဏရှိတယ်။ စစ်ကောင်စီတပ်သားတချို့ ထိခိုက်သေဆုံးတာတွေလည်းရှိတယ်။လက်နက်ကြီးတွေကတော့ ရမ်းသန်းပစ်နေတာပဲ”လို့ပြောပါတယ်။
အာရက္ခတပ်တော်ဘက်ကတော့ ရခိုင်ပြည်နယ်မှာ မြို့နယ်အားလုံးကို တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ပြောဆိုထားတာရှိပေမယ့် ကျောက်ဖြူမြို့နယ်မှာတော့ လက်ရှိအချိန်ထိအင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေမတွေ့ရသေးသလို စစ်ကောင်စီထိုးစစ်တွေကို ပြန်လည်ခုခံနေရတာလည်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြား ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းက တကျော့ပြန်တိုက်ပွဲတွေစတင်ခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်က မြို့နယ် ၁၄ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို အာရက္ခတပ်တော်AAဘက်က သိမ်းပိုက်ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ရခိုင်ပြည်နယ်က ကျောက်ဖြူ မာန်အောင်နဲ့ စစ်တွေမြို့နယ်က မြို့ပေါ်ရပ်ကွက်တွေလောက်သာ ထိန်းချုပ်ထားနိုင်တော့တာဖြစ်ပါတယ်။
ဓာတ်ပုံ- AA Info Desk







Comments