ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီ ကြည်း၊ ရေ၊ လေတပ် ပူးပေါင်းထိုးစစ်ဆင်နေ
- BVJ

- Aug 8
- 1 min read
BVJ/ဂျိုး_ဩဂုတ် ၇၊ ၂၀၂၅

စစ်ကောင်စီနဲ့ အာရက္ခတပ်တော်-AAကြား စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီဘက်ကအင်အားတိုးမြှင့်နေပြီး AAထိန်းချုပ်ကျေးရွာတွေကို လေကြောင်းပစ်ခတ်တာတွေနဲ့ မြေပြင်ထိုးစစ်တွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် နှစ်ဘက်တိုက်ပွဲပြင်းထန်နေတယ်လို့ ကျောက်ဖြူဒေသခံတစ်ဦးက ပြောပါတယ်။
“ပြိုင်းစေ့ကေကျေးရွာဘက်အခြမ်းမှာတော့ မြေပြင်တိုက်ပွဲတွေရှိတယ်။ စစ်ကောင်စီလေကြောင်း ကတော့နေရာတော်တော်များများကို လာပစ်နေတာနေ့တိုင်းပဲ” လို့ ပြောပါတယ်။
တရုတ်စီမံကိန်းတွေ အများအပြားရှိနေတဲ့ ကျောက်ဖြူမြို့နယ်မှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာ ငါးလကျော်အထိကြာမြင့်နေပြီဖြစ်ပါတယ်။
လက်ရှိမှာတော့ ကျောက်ဖြူမြို့နယ်အတွင်းက စစ်ကောင်စီကာကင်းစခန်းတွေကို AAဘက်က တိုက်ခိုက်နေတာတွေရှိနေတာကြောင့် မကြာခဏဆိုသလို မြေပြင်တိုက်ပွဲတွေရှိနေတာပါ။
စစ်ကောင်စီဘက်ကတော့ ကျောက်ဖြူမြို့နယ်မှာ ကြည်း၊ရေ၊လေတပ်တွေ ပူးပေါင်းပြီးတော့ ပစ်ခတ်တိုက်ခိုက်နေတာဖြစ်တယ်လို့ ဒေသခံကဆက်ပြောပါတယ်။
“သူတို့ မြစ်ကြောင်းကလည်း လက်နက်ကြီးတွေနဲ့ ရမ်းပစ်တယ်။ လေယာဉ်တွေနဲ့လည်း ဗုံးလာကြဲ တယ်။ မြေပြင်ကလည်း စစ်ကြောင်းထိုးတာရှိတယ်။အခုဆိုရင် ပြင်ရှည်ကျေးရွာအထိကိုသူတို့ ပြန်ပြီးတော့နေရာပြန်ယူထားတယ်” လို့ ပြောပါတယ်။
အာရက္ခတပ်တော်ဘက်ကတော့ ရခိုင်ပြည်နယ်အတွင်းကမြို့နယ်အားလုံးကို တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ပြောထားပေမယ့် လက်ရှိအချိန်ထိ ကျောက်ဖြူမြို့နယ်ကို အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်တာမျိုးမတွေ့ရသေးဘဲ စစ်ကောင်စီထိုးစစ်ကိုသာ ပြန်လည်ခုခံနေဆဲ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်-AAကြား ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းက တကြော့ပြန်တိုက်ပွဲတွေစတင်ခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်က မြို့နယ် ၁၄ခုနဲ့ ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်ကို AAဘက်က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိအချိန်ထိ ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေမြို့နယ်က မြို့ပေါ်ရပ်ကွက်တွေလောက်သာ ထိန်းချုပ်ထားနိုင်တော့တာလည်း ဖြစ်ပါတယ်။
ပုံစာ-စစ်ကောင်စီ ရေတပ်လေ့ကျင့်ရေးယာဉ်(ပုံဟောင်း)။
ဓာတ်ပုံ-CINCDS







Comments