စစ်တပ်နေ့စဉ်ဗုံးကြဲနေတာကြောင့် ရခိုင်ပြည်သူတွေသေဆုံးဒဏ်ရာရမှုမြင့်တက်နေဟု အေအေထုတ်ပြန်

ယူဂရင်း/BVJ_စက်တင်ဘာ ၁၄၊ ၂၀၂၆

ရခိုင်ပြည်နယ်ကို အာဏာသိမ်းစစ်တပ်ကနေ့စဉ်နဲ့အမျှဗုံးကြဲနေတာကြောင့် ရခိုင်ပြည်သူတွေသေဆုံး၊ဒဏ်ရာရရှိမှုနဲ့ပျက်စီးဆုံးရှုံးမှုတွေမြင့်တက်နေတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့စက်တင်ဘာ ၁၄ရက် နေ့လယ်မှာထုတ်ပြန်ပါတယ်။
မနေ့က စက်တင်ဘာ ၁၃ရက် နေ့လယ်၁၂း၅၆မိနစ်အချိန်လောက်မှာ ပုဏ္ဏားကျွန်းမြို့၊ သမိုင်းဝင်ဦးရာဇ်တော်ဘုရားတည်ရှိရာ တောင်ခြေရင်း၊ ကြိုးတံတားအနီးဝန်းကျင်ကို စစ်တပ်ဘက်ကဂျက်တိုက်လေယာဉ်နဲ့ (၃)ကြိမ်တိုင်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်သေနတ်နဲ့ပါပစ်ခတ်ခဲ့တာကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ စေတီရင်းကျေးရွာနေ ဒေါ်စိုးစိုး (၃၈ နှစ်)ဟာမျက်နှာမှာဗုံးစထိမှန်ကာ သေဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီဗုံးကြဲမှုအတွင်း မဖြူဖွေး(၉ နှစ်)နဲ့ ဒေါ်ကျော့စိန်(၇၁ နှစ်)၊ဦးမိုးမိုး(၅၆ နှစ်)နဲ့ဦးအောင်ဝင်းမောင်(၄၃နှစ်)တို့လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အေအေကထုတ်ပြန်ပါတယ်။
စက်တင်ဘာလ (၁၁) ရက်နေ့၊ ညသန်းခေါင် (၁၂) နာရီ(၃၆) မိနစ်အချိန်ခန့်မှာလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က ဆူဆိုက်ဒရုန်းနဲ့ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်သားအမိနှစ်ဦးကိုဗုံးစထိမှန်ခဲ့ပြီး အမေဖြစ်သူဒေါ်လှသန်းယဉ်ဟာဒဏ်ရာပြင်းထန်တာကြောင့် ဆေးကုသနေချိန်အတွင်းမှာသေဆုံးသွားခဲ့ကြောင်းနဲ့ အဲ့ဒီနေ့ ညနေ(၄)နာရီအချိန်မှာလည်း တောင်ကုတ်မြို့နယ်၊ ဝက်ကျိတ်အုပ်စု၊ ရွာသစ်ကေကျေးရွာကို ဂျက်တိုက်လေယာဉ် (၂) စီးနဲ့ဗုံးကြဲခဲ့တာကြောင့် ရွာထဲကဦးတင်မောင် (၅၉ နှစ်)ဦးခေါင်းကိုထိမှန်ပြီးသေဆုံးသွားခဲ့သလို နောက်ထပ် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၁၀) ရက်၊ ည(၉)နာရီ(၄၅)မိနစ်အချိန်မှာလည်း ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်နဲ့အမှတ် (၂) ရပ်ကွက်တို့ကို ဂျက်တိုက်လေယာဉ်နဲ့ဗုံးသီး (၂) လုံးကြဲချခဲ့တာကြောင့် ရပ်ကွက်ထဲက ဦးကျော်ခင် (၈၅ နှစ်)သေဆုံးခဲ့ရသလို ဦးချစ်ဆန်းမောင် (၅၅ နှစ်)လည်း ထိခိုက်ဒဏ်ရရပြီး နေအိမ်(၉)လုံးပျက်စီးသွားခဲ့တယ်လို့ အေအေကထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
စက်တင်ဘာလ (၁၂) ရက်နေ့၊ ညနေ (၄)နာရီ (၁၅) မိနစ်အချိန်မှာ ဆမီးမြို့နယ်၊ ဘွေလီကျေးရွာအနီးဝန်းကျင်ကို ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ လေကြောင်းဗုံးကြဲခဲ့တာကြောင့်လည်း အရပ်သားပြည်သူနေအိမ်၊ ဈေးဆိုင်တွေနဲ့ ကား (၁)စီး၊ ကြက်(၆)ကောင်သေဆုံးခဲ့ရကြောင်း အေအေကထုတ်ပြန်ပါတယ်။
စစ်တပ်ဟာ အာရက္ခဒေသအတွင်းက စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူနေရာတွေကို ဂျက်တိုက်လေယာဉ်တွေနဲ့ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ပြည်သူတွေ သေဆုံးဒဏ်ရာရရှိမှု၊ နေအိမ် အဆောက်အအုံတွေပျက်စီးဆုံးရှုးမှုတွေမြင့်တက်နေတာလို့ အေအေကပြောထားပါတယ်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar)ကထုတ်ပြန်ထားတဲ့အစီရင်ခံစာအရ ရခိုင်ပြည်နယ်ရဲ့(၉၂ ဒသမ ၆)ရာခိုင်နှုန်းကို ULA/AA ကထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်နေတာဖြစ်ပါတယ်။
လက်ရှိမှာတော့ အာဏာသိမ်းစစ်တပ်ဟာလက်လွှတ်ဆုံးရှုံးထားရတဲ့ မြို့နယ်တွေပြည်ရရေးအတွက် ရခိုင်နဲ့ထိစပ်နေတဲ့ဒေသတွေကတဆင့် ထိုးစစ်ဆင်ဝင်ရောက်ဖို့ကြိုးပမ်းနေတာဖြစ်ပြီး ရခိုင်ဒေသကိုလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။
ပုံစာ-ရခိုင်ပြည်နယ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်ဒဏ်ရာရသူတွေနဲ့ပျက်စီးခဲ့တဲ့ နေအိမ်တွေ။




Comments