နိုင်ငံရေးအကျဉ်းသူတွေ ထောင်တွင်း ဓမ္မတာအခက်အခဲရင်ဆိုင်နေရ
- BVJ

- Feb 18
- 1 min read
မိုနာ/BVJ_ဖေဖော်ဝါရီ ၁၈၊ ၂၀၂၆

စစ်အုပ်စုကဖမ်းဆီးထောင်ချထားတဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသူတွေဟာ လစဥ်ဓမ္မတာအခက်အခဲကိုရင်ဆိုင်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ဒီနေ့မှာထုတ်ပြန်ပါတယ်။
အေအေပီပီက ကောက်ယူထားတဲ့မှတ်တမ်းအရ လက်ရှိစစ်အုပ်စုထိန်းချုပ်ထားတဲ့ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား/သူ စုစုပေါင်း (၂၂,၇၈၃) ဦးရှိပြီး အဲ့ဒီထဲမှာ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ (၄,၃၀၈) ဦးပါဝင်ပါတယ်။
နိုင်ငံရေးအကျဉ်းသူအမျိုးသမီးတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ လစဉ်ဓမ္မတာဆိုင်ရာ ကျန်းမာရေးအခြေအနေတွေနဲ့ပတ်သက်ပြီး အေအေပီပီကထုတ်ပြန်လာတာပါ။
အေအေပီပီရဲ့စောင့်ကြည့်မှတ်တမ်းအရ ထောင်တွင်းနိုင်ငံရေးအကျဉ်းသူတွေဟာ လစဉ်သုံးပစ္စည်းလိုအပ်ချက်အရေးတကြီးလိုအပ်နေသလို ဓမ္မတာပုံမှန်ဖြစ်ဖို့လည်းလိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။
“အကျဉ်းထောင်များ၌ အမျိုးသမီးများဓမ္မတာပုံမှန်မလာဘဲ အချို့မှာ ၃လ၊ အချို့မှာ ၆လအထိ ဓမ္မတာမလာကြခြင်းများ ကြုံတွေ့နေကြရသည်။ ယခုကဲ့သို့ ပြဿနာများ၏ အရင်းအမြစ်မှာ ထောင်ထဲ၌ အာဟာရပြည့်ဝသည့်အစားအသောက်များ မစားရခြင်း၊ သံဓာတ်ချို့တဲ့ခြင်းများမှ စတင်ဖြစ်ပေါ်လာရခြင်း ဖြစ်ကာ နောက်ဆက်တွဲကျန်းမာရေးပြဿနာများကို ဆက်တိုက်ခံစားနေကြရသည်”လို့ အေအေပီပီကပြောထားပါတယ်။
ဒါ့အပြင် ထောင်ကလွတ်မြောက်ပြီးနောက်ပိုင်းမှာလည်း အမျိုးသမီးရောဂါတွေကြောင့် ခွဲစိတ်ကုသကြရမှုတွေရှိနေသလို အကျဉ်းထောင်တွေထဲမှာလည်း ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ အရေပြားရောဂါဖြစ်ခြင်းတွေ ကြုံတွေ့ကြရကြောင်းနဲ့ ကိုက်ခဲတဲ့ဝေဒနာအတွက် ဒိုင်ကလိုနဲ့ ပါရာစီတမောဆေးတွေသာပေးတဲ့အတွက် ကျောက်ကပ်ရောဂါကိုပါ နောက်ဆက်တွဲခံစားနေကြရတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ထောင်ထဲမှာ “ဓမ္မတာထိန်ခြင်း"ဝေဒနာခံစားခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူတဦးကလည်း အခုလိုပြောပြထားပါတယ်။
“အမျိုးသမီးတွေ လစဉ်ဓမ္မတာလာတာနဲ့ပတ်သက်ပြီးတော့ special ဆိုပြီးမရှိဘူး။ ဆေးဝါးက ဒါပဲရှိတာ။ ကျနော်ကိုယ်တိုင်လည်း ရာသီလာတဲ့အချိန်မှာဗိုက်အောင့်လို့သွားပြတာ အကိုက်ခဲပျောက်ဆေး၊ ဒီဆေးပဲ။ ကျနော့် ဖြစ်စဉ်ပေါ့နော့ ဗိုက်အောင့်လို့ဆေးခန်းလိုက်သွားမယ်ဆိုပြီး လိုက်သွားလိုက်တာ ဘာဆေးပေးလိုပေးညားပေါ့နော့၊ အကိုက်ပျောက်ဆေးနဲ့ဖော်မြူလာကဒါပဲ။ ကျနော်တို့အတွက်က ဆေးရုံလိုက်လည်းမထူးခြားနေဘူးဖြစ်နေတာ။ အတူနေ ညီမလေးတယောက်ဆို သုံးလ၊လေးလလောက်ရှိပြီရာသီမလာတော့ ဘာဖြစ်လို့လဲပေါ့၊ အထဲမှာ Stress နဲ့ Pressure တွေလည်းပါတာပေါ့နော့၊ အဲဒီအတွက်သီးသန့် အမျိုးသမီးဆရာဝန်နဲ့ပြချင်လို့ သူတို့အနေနဲ့ ညွှန်ကြား ပေးမှုမျိုးမရှိဘူး”
အကျဉ်းထောင်တွင်းမှာ အမျိုးသမီးလစဉ်သုံးကို တစ်လတစ်ကြိမ်ပေးလေ့ရှိပေမယ့် ဆေးဝါးနဲ့ကုသခွင့်တွေအတွက်တော့ ကန့်သတ်ချက်တွေရှိနေပါတယ်။
“တပတ်ကိုတခါလောက် ထောင်ပိုင်ကြီး၊ထောင်ပိုင်လေးတို့လာကြည့်တဲ့အခါမှာ တောင်းဆိုတယ်။ ဘယ်ဆေးကိုတော့သွင်းခွင့်ပေးပါပေါ့။ သူတို့တွေနဲ့က တိုက်ယူနေရတဲ့အနေအထားပေါ့။ ရပိုင်ခွင့်အကုန်လုံးကိုတော့ တင်ပြတောင်းဆိုခဲ့ပါတယ်။ သူတို့ကဘာကြောင့် သွင်းခွင့်မရှိဘူးလဲဆိုရင် သူတို့ပြောနေကျက ဒီဆေးကိုဒီလောက်သွင်းခွင့်မရှိဘူးတို့၊ အဲလောက်အများကြီး သွင်းခွင့်ပေးမထားဘူးတို့၊ ကျနော်တို့ဆေးရုံမှာရှိတဲ့ ဆေးနဲ့မလုံလောက်လို့လား ဒီရောဂါက (ဆိုပြီးထောင်ဘက်က ပြောတယ်)”လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူ နိုင်ငံရေးအကျဉ်းသူက ပြောထားပါတယ်။

အကျဉ်းထောင်တွင်း ဆိုးရွားတဲ့ပတ်ဝန်းကျင်နဲ့ စနစ်တကျညှဉ်းပန်းနှိပ်စက်မှုတွေဟာ အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါစနစ်ကိုတိုက်ရိုက်ထိခိုက်စေကြောင်းနဲ့ စစ်ကြောရေးနှင့်ထောင်တွင်းမှာကြုံတွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ အမြဲတစေကြောက်လန့်နေရမှုတို့ကြောင့်လည်း ဦးနှောက်ရှိ 'ဟော်မုန်းထိန်းချုပ်ရာ စနစ်' (Hypothalamus)ကိုထိခိုက်စေပြီး ဓမ္မတာ လုံးဝရပ်တန့်သွားစေတယ်လို့ အေအေပီပီကထုတ်ပြန်ထားပါတယ်။
ဒ့ါအပြင် အာဟာရပြည့်ဝတဲ့အစားအစာ လုံလောက်စွာမရခြင်း၊ အာဟာရဓာတ်နည်းပါးခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု လွန်ကဲစွာခိုင်းစေခြင်းတို့ကြောင့်လည်း ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေ ရပ်တန့်သွားသလို ရေမလုံလောက်ခြင်း၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေခက်ခဲခြင်းနဲ့ အညစ်အကြေးစွန့်စနစ်မကောင်းခြင်းတို့ကလည်း ပိုးဝင်ခြင်းနဲ့ဟော်မုန်းမမျှတခြင်းကို ပိုမိုဆိုးရွားစေတယ်လို့ ဖော်ပြထားပါတယ်။
မ, ဟော်မုန်း (Estrogen)ထွက်ရှိမှု နည်းပါးသွားတဲ့အတွက်လည်း အရိုးပွရောဂါ (Osteoporosis)နဲ့ အရိုးတွေ မြန်မြန်ဆန်ဆန်အားနည်းလာပြီး ကျိုးလွယ်ခြင်းတွေဖြစ်လာတတ်သလို ဟော်မုန်းမမျှတမှုကြောင့် နှလုံးကျန်းမာရေးကိုထိခိုက်စေနိုင်ပြီး ခန္ဓာကိုယ်ရဲ့ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေကြောင့် စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုလွန်ကဲခြင်းနဲ့ စိတ်ဒဏ်ရာ (Post Traumatic Stress Disorder)တို့ကို ပိုမိုခံစားရစေတယ်လို့ သိရပါတယ်။
ဒါကြောင့် အကျဉ်းထောင်အတွင်းရှိ အမျိုးသမီးတွေကြုံတွေ့နေရတဲ့ပြဿနာဟာ လူ့အခွင့်အရေးချိုးဖောက်မှုတခုဖြစ်ရုံသာမက ရေရှည်မှာမျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ ပြဿနာတွေကိုလည်းကြုံတွေ့ရနိုင်ပြီး မျိုးဆက်တခုလုံးရဲ့ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့အရေးကိစ္စဖြစ်တာကြောင့် ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအနေနဲ့ အခုအခြေအနေကို အထူးအလေးထားစောင့်ကြည့်ဖို့လိုအပ်တယ်လို့ အေအေပီပီကထုတ်ပြန်ပါတယ်။
အမျိုးသမီးအကျဉ်းသူတွေခံစားနေရတဲ့ ကျန်းမာရေးပြဿနာတွေကိုဖြေရှင်းပေးဖို့အတွက် အကျဉ်းထောင်အာဏာပိုင်တွေအပါအဝင် စစ်အုပ်စုမှတာဝန်ရှိပြီး အကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသူ/သားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေတွေ လုံလောက်ပြည့်မီစွာရရှိရေးအတွက် စစ်အုပ်စုကို ပြင်းပြင်းထန်ထန်ဖိအားပေးကြဖို့ကိုလည်း အေအေပီပီက တိုက်တွန်းထားပါတယ်။




Comments