top of page

ဒေသခံလူထုဝေဖန်ထောက်ပြနေတဲ့ AAအုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး

  • Writer: BVJ
    BVJ
  • Aug 15
  • 2 min read

BVJ/ဂျိုး_ ဇူလိုင် ၁၂၊ ၂၀၂၅

ree

ရခိုင်ပြည်နယ်က မြို့နယ် ၁၄မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်-AAဟာ သူတို့ထိန်းချုပ်ထားတဲ့နေရာတွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ပြည်သူ့ရေးရာဝန်ဆောင်မှု လုပ်ငန်းတွေကို အကောင်အထည်ဖော်လုပ်ဆောင်နေပြီဖြစ်ပါတယ်။


ဒါပေမယ့် အခုလို အစိုးရတရပ်အနေနဲ့လုပ်ငန်းတွေဆောင်ရွက်လာတဲ့ ULA/AAရဲ့ လုပ်ငန်းတချို့မှာ ချို့ယွင်းချက်တွေရှိနေသေးတယ်ဆိုတာကို ဒေသခံတွေက ထောက်ပြပြောဆိုလာကြပါတယ်။ အထူးသဖြင့်တော့ တရားစီရင်ရေးလုပ်ငန်းတွေမှာ လာဘ်စားတာတွေ၊ ဘက်လိုက်တာတွေနဲ့ မမျှတတာတွေရှိနေတယ်လို့ ရခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။


“လက်ရှိ အောက်ခြေမှာတော့ အခုကတည်းက လာဘ်ပေးလာဘ်ယူကိစ္စတွေက မကြားချင်မှအဆုံးပါပဲ။ မျက်နှာကြီးရာ ဟင်းဖတ်ပါတာ။ ခေါင်းပုံဖြတ်တာအများကြီးတွေ့ရတယ်။ အစိုးရ အဆက်ဆက်ကကျင့်သုံးလာတဲ့ လမ်းစဥ်ကိုယူသုံးနေကြတာတွေ့ရတယ်။ ဒါပေမဲ့ တဖက်မှာ လည်းအထက်ပိုင်းတွေကကျတော့ အဲဒါတွေကိုသိဖို့ မလွယ်ဘူးပေါ့လေ။ အဲ့ဒါကြောင့် အခုအုပ် ချုပ်ရေး တရားစီရင်ရေးဘက်တွေက လူတွေကို သေချာစီစစ်ခန့်အပ်ပေးဖို့လိုမယ်”

ree

ရခိုင်ပြည်နယ်အတွင်းကမြေပြင်အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ ကြုံတွေ့နေရတာနဲ့ပတ်သက်ပြီးလည်း ရခိုင်ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပြပါတယ်။


“မြေပြင်မှာဖြစ်နေတာကို AAအရာရှိပိုင်းတွေက သိလားမသိလားတော့ ကျနော်လည်းမသိဘူး။ ကျနော်တို့ကတော့ မြင်နေရတယ်။ အရာရှိတွေ၊ဗိုလ်တွေနဲ့ နီးစပ်သူဆိုရင် ဆက်ဆံတာကတမျိုး၊ ကျနော်တို့လို အပြင်လူတွေဆိုရင် ဆက်ဆံတာကတမျိုး၊ ပိုက်ဆံပေးပြီး အင်တာနက်သုံးတာတောင် ဆက်ဆံပုံချင်းက မတူလေ။ လုပ်ငန်းလုပ်ရင်လည်း အရာရှိတွေရဲ့ဆွေမျိုးတွေပဲ လုပ်စားလို့အဆင် ပြေတာ။ ပြောရမယ်ဆိုရင် အခွင့်ထူးခံတွေပေါ့ဗျာ”


အာရက္ခတပ်တော်-AAဘက်ကလည်း လက်ရှိရခိုင်ပြည် နယ်မှာ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးလုပ် ငန်းတွေကိုဆောင်ရွက်တဲ့အခါ တချို့ဝန်ထမ်းတွေရဲ့ အရည်အချင်းမပြည့်မှီတာတွေကြောင့် မှားယွင်းမှုတွေရှိနေကြောင်းကို ဝန်ခံပါတယ်။


“လက်ရှိကျနော်တို့ အစိုးရထဲမှာတာဝန်ထမ်းဆောင်နေတဲ့လူအများစုဟာ မှန်မှန်ကန်ကန်နဲ့ တာဝန် ထမ်းဆောင်လို့ရှိနေကြတယ်၊ အဲဒီထဲမှာ လူအနည်းစုကတော့ သူတို့ရဲ့အရည်အချင်းမလုံလောက်မှု အဲတာတွေကြောင့် တခါတလေမမှန်မကန်မှုတွေရှိနေတာတွေကို ကျနော်တို့တွေ့ရတယ်”လို့ မနေ့က သြဂုတ် ၁၁ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ AAပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။


ပြီးခဲ့တဲ့နှစ် ၂၀၂၄၊ ဇွန် ၂၀ရက်က မြေပုံမြို့နယ်၊ လွန်းလုံးပိုက်ကျေးရွာမှာ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ဖို့ကြံစည်ခဲ့သူအမျိုးသားကို ကာယကံရှင်အမျိုးသမီးဘက်က သက်ဆိုင်ရာနယ်မြေတရားရုံးမှာတရားစွဲဆိုခဲ့ပေမယ့် တရားရုံးက အာမခံနဲ့တစ်နှစ်ကျော်ကြာ လွှတ်ပေးထားခဲ့တာကြောင့် အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း ရခိုင်ပြည်သူတွေကြားဝေဖန်မှုတွေ မြင့်တက်ခဲ့ပါသေးတယ်။


ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့မှာ အရပ်သားမိသားစုဝင်ငါးဦးကို ရွှေထည်တွေခိုးယူမှုနဲ့စွပ်စွဲပြီးတော့ အာရက္ခတပ်တော်-AAက ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလကဖမ်းဆီးခဲ့ပြီးနောက် လေးလကျော်အကြာမှာ ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်ငါးဦးထဲက ကိုအေးမင်းဆွေသေဆုံးခဲ့ပါတယ်။


ကိုအေးမင်းဆွေသေဆုံးရတာနဲ့ပတ်သက်ပြီး AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီတော်စပ်သူ ဗိုလ်မှူးထွန်းမင်းနိုင်ကတော့ လုံခြုံရေးတပ်သားမောင်းနှင်လာတဲ့ ကားဘရိတ်မကောင်းတာကြောင့် တိုက်မိပြီးသေသွားတာဖြစ်တယ်လို့ သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။


ကိုအေးမင်းဆွေသေဆုံးပြီးနောက်မှာတော့ ဒီအမှုနဲ့ပတ်သတ်ပြီး လူမှုကွန်ယက်တွေပေါ်မှာ ဝေဖန် သူများပြားခဲ့ပြီးနောက် ULA/AAဘက်ကလည်း ကျန်မိသားစုဝင်လေးဦးကို ပြန်လွှတ်ပေးလိုက်တာမျိုးရှိခဲ့ပါတယ်။


အာရက္ခတပ်တော်-AAအနေနဲ့ စစ်ရေးအရ အောင်မြင်မှုတွေရနိုင်ခဲ့သလို တိုင်းပြည်တည်ဆောက်ရေးအတွက်ကြီးတဲ့ အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးလုပ်ငန်းတွေကို ပိုပြီး အလေး ထားဆောင်ရွက် ပေးစေချင်တယ်လို့ ရခိုင်ဒေသခံအမျိုးသမီးတဦးက သူ့ဆန္ဒကိုပြောပါတယ်။


“အစိုးရကို ပြည်သူတယောက်အနေနဲ့ ဖြစ်စေချင်တာကတော့ ဘက်လိုက်မှုကင်းစေချင်တယ်။ တရားဥပဒေပုဒ်မထက်မှာငွေမရှိအောင် လုပ်ပေးစေချင်တယ်။ တည်ဆောက်ရေးကာလမှာ အဲ့တာတွေက အရေးကြီးတဲ့ကဏ္ဍဖြစ်တာကြောင့် ပိုပြီးအလေးပေးဆောင်ရွက်မူတွေလုပ်သင့်တယ်လို့ ပြောချင်ပါတယ်”


အာရက္ခတပ်တော်-AAအနေနဲ့ လက်ရှိမှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေဆက်ရှိနေသေးတာကြောင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍတွေမှာ အားနည်ချက်တွေနဲ့ လူ့အရင်းအမြစ်လိုအပ်ချက်တွေ ရှိမယ် ဆိုတာနားလည်ပေမယ့် ပြည်သူတွေနဲ့ဆက်ဆံရတဲ့အခါမှာ ပွင့်လင်းမြင်သာမှုနဲ့ရာထူး အာဏာပြ သူတွေကို ပြတ်ပြတ်သားသားကိုင်တွယ်ဖြေရှင်းပေးစေချင်တယ်လို့လည်း ကျောက်တော်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။


“မြေပြင်မှာတာဝန်ယူထားတဲ့လူတွေကလည်း အဂတိတရားရှင်းရှင်းနဲ့ ပြည်သူကိုကြည့်ဖို့လိုပါတယ်။ ဒီလိုမဟုတ်ဘဲ ရာထူး၊ အာဏာတွေပြတဲ့သူတွေကိုလည်း ပြတ်ပြတ်သားသား ကိုင်တွယ်ပေး ဖို့လို အပ်ပါတယ်။ ကျနော်တို့မျှော်လင့်နေတာက အရင်ကလို လာဘ်ပေးလာဘ်ယူပြီး အလုပ်လုပ်တာတွေပပျောက်သွားစေဖို့ပါ။ ဒါမှလည်း အခြေခံလူတန်းစားတွေအတွက် ပြောင်းလဲမှုဖြစ်လာမှာပါ”လို့ ပြောပါတယ်။

ree

AAဘက်ကတော့ ဒေသခံတွေပြောနေကြသလို မြေပြင်မှာတရားစီရင်ရေးလုပ်ငန်းတွေ အရမ်းဆိုးဆိုးရွားရွားဖြစ်နေတာမဟုတ်သလို အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးလုပ်ငန်းတွေကို အရင်ကထက်ပိုပြီးတော့ ကောင်းမွန်အောင်တည်ဆောက်နေပြီး အကျင့်ပျက်ခြစားတဲ့ ဝန်ထမ်းတွေကိုလည်း ချက်ချင်းအရေးယူဆောင်ရွက်တာတွေကို လုပ်ဆောင်နေတယ်လို့ ဦးခိုင်သုခက ဆိုပါတယ်။


“အဲ့တာတွေကိုလည်း ကျနော်တို့စနစ်တကျအရေးယူဆောင်ရွက်တာတွေရှိပါတယ်။ တခါတလေ မှားတာဆိုပြီး ကျနော်တို့လျစ်လျူရှုထားတာမရှိပါဘူး။ ဒီကိစ္စတွေနဲ့ပတ်သက်ရင် ချက်ချင်းအရေးယူဆောင်ရွက်ပြီးတော့ တည့်မတ်ပြုပြင်တာတွေကို ကျနော်တို့လုပ်နေပါတယ်” လို့ပြောပါတယ်။


ရခိုင်ပြည်နယ်အတွင်းက ဒေသအချို့မှာဖြစ်ပွားခဲ့တဲ့ သက် ငယ်မုဒိမ်းမှုအပါအဝင် အဓမ္မပြုကျင့်မှု တွေမှာ စစ်ဆေးမှုကြန့်ကြာနေတာတွေနဲ့ အမှုတွေကိုထိရောက်စွာအရေးယူပေးဖို့ကို အာရက္ခတပ်တော်-AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဇနီးဖြစ်သူကလည်း ပြီးခဲ့တဲ့ ဇူလိုင် ၃၁ရက်က လူမှုကွန်ရက်ကနေတဆင့် ရေးသားတောင်းဆိုထားပါသေးတယ်။


ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ဖားပြိုကျေးရွာမှာ ပြီးခဲ့တဲ့ဧပြီလက (၉)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်သတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီးနောက် သံသယရှိသူ (၈)ဦးကို အာရက္ခပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့-DLEPSက ဖမ်းဆီးစစ်ဆေးနေတာပါ။


ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဇနီးက DLEPSနဲ့ တရား‌ရေးဌာနကြားမှာ အမှုစစ်ဆေးနေတာတွေကကာ လရှည်ကြာနေတာကြောင့် ကျူးလွန်ခံရသူတွေဟာထပ်ဆင့်နစ်နာနေရတယ်လို့ ဝေဖန်ထောက်ပြထားတာပါ။


လက်ရှိမှာတော့ အာရက္ခတပ်တော်-AAအနေနဲ့ ရခိုင်ပြည်နယ် ၁၇မြို့နယ်ထဲက မြောက်ပိုင်းက၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံ၊ အမ်း စတဲ့မြို့တွေအပါအဝင် ရခိုင်တောင်ပိုင်းက ဂွ၊ တောင်ကုတ်၊ သံတွဲနဲ့ ရမ်းဗြဲမြို့နယ်တွေကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်တာပါ။


ဒါ့အပြင် တိုက်ခိုက်သိမ်းပိုင်ဖို့ကျန်နေသေးတဲ့ ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေမြို့နယ်တို့မှာလည်း မြို့နယ်တခုလုံးရဲ့ ၉၀ရာခိုင်နှုန်းလောက်ကို AAဘက်က ထိန်းချုပ်ထားနိုင်ပြီး မြို့ပေါ်အနီးတဝိုက်လောက်ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တော့တယ်လို့ AAဘက်က ပြောဆိုထားပါတယ်။


ပုံစာ- အာရက္ခပြည်သူ့ တရားဥပဒေစိုးမိုး‌ရေးနဲ့ ပြည်သူ့ လုံခြုံ‌ရေးဌာန (DLEPS) တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။

ဓာတ်ပုံ-APM

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page