AAစစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင် မောင်တောမြို့က မွတ်စလင်ခေါင်းဆောင်တွေနဲ့တွေ့ဆုံ
- BVJ

- Sep 16
- 1 min read
၁၃နှစ်ကြာပိတ်ထားရတဲ့ မောင်တောမြို့မ ဂျာမေဗလီကြီးကို ပြန်ဖွင့်ခွင့်ပေး
အေတီ/BVJ _ စက်တင်ဘာ ၁၆၊ ၂၀၂၅

အာရက္ခတပ်တော်-AAစစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့မွတ်စလင်ခေါင်းဆောင်တွေဟာ ၂၀၂၅ခုနှစ် သြဂုတ် ၃၀ရက်က ရခိုင်ပြည်နယ် မောင်တောမြို့မှာတွေ့ဆုံခဲ့ကြကြောင်း ရခိုင်ဒေသတွင်းအခြေအနေတွေကိုဖော်ပြပေးနေတဲ့ APM Arakan Princess Mediaက ဖော်ပြချက်အရသိရပါတယ်။
နှစ်ဖက်တွေ့ဆုံခဲ့တဲ့အချိန်မှာ မွတ်စလင်ခေါင်းဆောင်တွေက မောင်တောမြို့ကဗလီကြီးပြန်ဖွင့်ပေးဖို့တောင်းဆိုခဲ့ကြပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်းခွင့်ပြုပေးခဲ့တဲ့အတွက် ဂျာမေဗလီကြီးကို စက်တင်ဘာ ၁၂ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

၂၀၀၅ခုနှစ် သြဂုတ် ၃၀ရက်နေ့က ဗိုလ်ချုပ်ထွန်းမြတ်နိုင် မောင်တောမြို့ရောက်ရှိလာတဲ့အချိန်မှာ တောင်းဆိုခဲ့တဲ့အတွက် ဗလီကြီးပြန်ဖွင့်နိုင်တာဖြစ်ပြီး ဖွင့်ခွင့်ပေးတဲ့အတွက် ဝမ်းလည်းသာ ကျေးဇူးလည်းတင်ကြောင်းကို မောင်တောခရိုင် မူဆလင်ရေးရာကော်မတီဥက္ကဌ ဦးမောင်မောင်အေးက APM သတင်းဌာနမှာ ပြောထားပါတယ်။

မောင်တောမြို့မ ဂျာမေဗလီကြီးဟာ ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့က လူမျိုးရေးပဋိပက္ခဖြစ်ပွားပြီးချိန်ကတည်းက ၁၃နှစ်ကြာပိတ်ထားခဲ့ရတာဖြစ်ပြီး အခု စက်တင်ဘာ ၁၂ ရက်နေ့မှာမှ အာရက္ခတော်လှန်ရေးအစိုးရခွင့်ပြုချက်နဲ့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံခရက်ဒစ်- APM







Comments