ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက အင်တာနက်ပေးတဲ့နေရာကိုစစ်အုပ်စုဗုံးကြဲ
- BVJ

- Jan 27
- 1 min read
BVJ/ဂျိုး_ဇန်နဝါရီ ၂၇၊ ၂၀၂၆

စစ်အုပ်စုနဲ့ အာရက္ခတပ်တော်-AAတို့ကြားတိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းအတွင်းက ကျောက်ဖြူမြို့နယ်အပါအဝင် မြို့နယ်တချို့ကို စစ်အုပ်စုကဒီရက်ပိုင်းထဲမှာ လေကြောင်းဗုံးကြဲ တိုက်ခိုက်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။
ဒီကနေ့ မနက်အစောပိုင်း တစ်နာရီဝန်းကျင်လောက်မှာလည်း ရခိုင်မြောက်ပိုင်း၊ပုဏ္ဏာကျွန်းမြို့နယ်အတွင်းက အင်တာနက်ဝန်ဆောင်မှုပေးတဲ့နေရာတခုကို စစ်အုပ်စုကလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဗုံးကြဲသွားတာက AAကပြည်သူတွေသုံးလို့ရအောင် အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့နေရာလို့ ကြားတယ်။ အထိအခိုက်တော့မသိရသေးဘူး။ မနက်တစ်နာရီလောက်ဆိုတော့ လူအထိအခိုက်တော့ သိပ်မရှိလောက်ဘူး”
ဒါ့အပြင်မနေ့က နေ့လယ်ပိုင်းမှာလည်း မင်းပြားမြို့နယ်အတွင်းက အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို စစ်အုပ်စုက ဂျက်ဖိုက်တာနှစ်စီးနဲ့လာရောက်ဗုံးကြဲခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဂျက်ဖိုက်တာ ၃စီးနဲ့လာပြီးတော့ဗုံးကြဲတာ။ ကြဲသွားတဲ့နေရာက တိုင်းဗဟို ၉ဝန်းကျင်ကိုကြဲသွားတာ။ အပျက်စီးတော့ ရှိတယ်။ လူထိခိုက်လား မထိခိုက်လားတော့မသိဘူး”

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊မူရွင်းကျေးရွာအတွင်းက စစ်ဘေးဒုက္ခသည်တွေနေထိုင်တဲ့ စာသင်ကျောင်းကို စစ်အုပ်ကဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးဒုက္ခသည် နှစ်ဦးသေဆုံးပြီးတော့ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ရခိုင်ပြည်နယ် ၁၇မြို့နယ်ထဲက ၁၄မြို့နယ်ကို လက်လွှတ်ဆုံးရှုံးခံထားရတဲ့ စစ်အုပ်စုဟာ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာ၊ရပ်ကွက်တွေနဲ့ စစ်ဘေးဒုက္ခသည်တွေနေထိုင်နေရာတွေကို ဆက်တိုက်ဆိုသလို ဗုံးကြဲနေတာကြောင့် ဒေသခံတွေကြားစိုးရိမ်မှုတွေမြင့်တက်နေတာလည်း ဖြစ်ပါတယ်။







Comments