လေကြောင်းတိုက်ခိုက်ခံရပြီးနောက် စစ်သုံ့ပန်းအချို့ကို အေအေလွတ်ငြိမ်းခွင့်ပေး
- BVJ

- 35 minutes ago
- 1 min read
မိုနာ/BVJ_မတ် ၂၀၊ ၂၀၂၆

ရခိုင်ဒေသတိုက်ပွဲတွေအတွင်း ဖမ်းဆီးမိထားတဲ့ စစ်အုပ်စုဘက်ကစစ်သုံ့ပန်းတွေကို အခု မတ် ၁၄ရက်မှာ အာရက္ခတပ်တော်-AAက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်သုံ့ပန်းအချို့ကိုလွတ်မြောက်ခွင့်ပေးခဲ့ကြောင်း အေအေက ဒီနေ့ မတ်လ ၂၀ရက်မှာထုတ်ပြန်ကြေညာလာတာဖြစ်ပြီး လွတ်ငြိမ်းပေးခဲ့တဲ့အရေအတွက်အတိအကျကိုတော့ ဖော်ပြမထားပါဘူး။ အဲ့ဒီလွတ်ငြိမ်းချမ်းသာခွင့်အခမ်းအနားကို အာရက္ခတပ်တော်ရဲ့ အာလဖာ(၁)စစ်ဒေသမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အခုလွတ်မြောက်လာသူတွေဟာ အခုနှစ် ဇန်နဝါရီလ ၂၀ ရက်က စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ခံခဲ့ရတဲ့စစ်သုံ့ပန်းတွေဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်သုံပန်းမိသားစုဝင်တွေထဲကတစ်ဦးဖြစ်တဲ့ မမေသဇင်ဝင်းက”၂၀ရက် ၁လ၊ ၂၀၂၆မှာ ကျမတို့အဆောင်ရဲ့ ကိုက်၅၀၀အတွင်းမှာ ပေါင်သုံးရာဗုံးနဲ့တိုက်ခိုက်တာကိုခံခဲ့ရတယ်။ ဒါကြောင့်ကျမတို့က အိမ်ပြန်ဖို့မျှော်လင့်ချက်တွေမဲ့လာပြီလို့ထင်ခဲ့တယ်။ အဲ့ဒီလေကြောင်းရန်တိုက်ခိုက်မှုကြောင့် အားလုံးကြောက်လန့်ကြတယ်။ တုန်လှုပ်ကြတယ်။ အဲ့လိုအချိန်မှာ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေအားလုံးက ကျမတို့ကိုဘေးမသီရန်မခဘဲနဲ့ အန္တရာယ်ကင်းဘေးရှင်းတဲ့နေရာကိုခေါ်ဆောင်ပေးခဲ့ပါတယ်။ အဲ့ဒီအတွက်လည်း အားလုံးကိုယ်စားကျမကကျေးဇူးတင်ပါတယ်”လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အခမ်းအနားမှာ ပြောပါတယ်။
အဲ့ဒီနောက် အခုလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဖြစ်တယ်လို့ မမေသဇင်ဝင်းကပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ရက်၊ ည ၇ နာရီကျော်အချိန်မှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နဲ့ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ ချောင်းတူ (ခ) ဆောင်းဒုံကျေးရွာ အနောက်ဘက်ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဲ့ဒီအနီးဝန်းကျင်မှာနေထိုင်နေကြသည့် စစ်သုံ့ပန်းနဲ့စစ်သုံ့ပန်းမိသားစုဝင်အချို့ ပွဲချင်းပြီး သေဆုံးသူများရှိခဲ့သလို ဒဏ်ရာရသူတွေလည်းရှိခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလေကြောင်းဗုံးကြဲမှုနဲ့ပတ်သက်ပြီး အေအေဘက်ကထုတ်ပြန်ချက်မှာ အဲ့ဒီသေဆုံးဒဏ်ရာရခဲ့သူတွေဟာ မကြာမီပြန်လည်လွှတ်ပေးဖို့စီစဉ်ထားပြီး ယာယီထားရှိထားသူတွေဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။

အခုလ ၈ရက်ကလည်း ရခိုင်ပြည်နယ်၊အမ်းမြို့နယ် ဒါးလက်ချောင်းဒေသက စစ်သုံ့ပန်းအကျဉ်းစခန်းကို ဂျက်ဖိုက်တာ (၄) စီး၊ Y-12 (၄)စီးတို့နဲ့သုံးနာရီခွဲခန့်ကြာအောင် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ၁၁၆ဦးသေဆုံးပြီး အရပ်သားအချို့လည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်-AAကထုတ်ပြန်ခဲ့ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့တဲ့ စစ်သုံ့ပန်းမိသားစုဝင်မမေသဇင်ဝင်း(ဓါတ်ပုံ-AA)




Comments