AACရုံးကို ထိုင်းအာဏာပိုင်အဖွဲ့ချိပ်ပိတ်သွားပြီး နှစ်လအတွင်းဖြိုချခိုင်း
- BVJ

- Feb 21, 2025
- 1 min read
BVJ/ ဇော် _ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅

မြန်မာလုပ်သားများအရေးကူညီဆောင်ရွက်ပေးနေတဲ့ AAC ရုံးဂေဟာကို ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက် မနက် ရှစ်နာရီဝန်းကျင်မှာ ထိုင်းအာဏာပိုင်အဖွဲ့က လာရောက်ချိပ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။
အခုလ ဖေဖော်ဝါရီ ၁၈ ရက်မှာ မြန်မာလုပ်သား တစ်ရာဝန်းကျင်နေထိုင်နေတဲ့ AAC ဂေဟာကို ထိုင်းအာဏာပိုင်အဖွဲ့စုံက လာပိတ်သိမ်းခိုင်းကာ အရေးယူမှုတွေလုပ်ဆောင်ခဲ့ပြီး ဒီနေ့မှာတော့ ဂေဟာအဆောက်အအုံကို လာရောက်ချိပ်ပိတ်သွားတာဖြစ်ပါတယ်။
“ဆောက်လုပ်ရေးဝန်ကြီးဌာနက ကျွန်တော်တို့ AAC ဂေဟာက သက်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီဘူး။ အဲ့ဒီအတွက် ဒီအဆောက်အဦးက တရားဝင်ခွင့်ပြုချက်မတောင်းဘဲနဲ့ ဆောက်တယ်ဆိုပြီး အသုံးမပြုဖို့ ချိပ်လာပိတ်သွားတာပါ။ အဲ့ဒီပိတ်တဲ့အထဲမှာ ပူးတွဲပါတာက ရက် ၆၀ အတွင်း အဆောက်အဦးကို ဖြိုပေးရမယ်ဆိုတာပါ ပါတယ်” လို့ AAC ရုံး တာဝန်ရှိသူ ဦးလှခိုင်က Burma VJ ကိုပြောပါတယ်။
ထိုင်းအာဏာပိုင်တွေ ချိတ်ပိတ်ထားတဲ့ အဆောက်အအုံကို ဆက်လက်အသုံးပြုမယ်ဆိုပါက ထောင်ဒဏ် သုံးလကျခံရမှာဖြစ်သလို တစ်လ ဘတ် ၁၀၀၀၀ ဒဏ်ငွေပေးဆောင်ရမှာဖြစ်တယ်လို့လည်း ဦးလှခိုင်က ဆက်ပြောပါတယ်။
လက်ရှိမှာတော့ ဂေဟာမှာ နေထိုင်တဲ့ အလုပ်သမားတွေထဲက ၈၀ ရာခိုင်နှုန်းက အေဂျင်စီတွေမှာ ပြန်လည်နေထိုင်ပြီး အခက်အခဲဖြေရှင်းသွားမှာဆိုပေမယ့် ကျန်ရှိနေတဲ့ ၂၀ ရာခိုင်နှုန်းကတော့ ဘယ်မှသွားလို့မရတဲ့အတွက် တိုင်းအစိုးရနဲ့ ညှိနှိုင်းမယ်လို့လဲ သိရပါတယ်။
“ပြဿနာတစ်ခုကို ဖြေရှင်းချင်လို့ အကူအညီလာတောင်းတဲ့ ၈၀ ရာခိုင်နှုန်းကတော့ သူတို့ရဲ့ အေဂျင်စီတွေကို ပြန်မှာဖြစ်ပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကကျတော့ ဘယ်မှသွားလို့မရဘူး။ ခြေထောက်ပြတ်နေတယ်၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ ခါးတစ်ပိုင်းသေနေတယ်၊ နစ်နာကြေးစောင့်ဆိုင်းနေတဲ့သူတွေဖြစ်တာကြောင့် လတ်တလောမှာ ကျွန်တော်တို့က ရွှေ့ဖို့မလွယ်ဘူး။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့ တိုင်းအစိုးရနဲ့ စကားပြောရမယ်။ သူတို့ဘက်က ဘယ်လိုနားလည်ပေးမလဲ။ ကျွန်တော်တို့ဘက်က ရက်အကန့်အသတ်လေးတော့ တောင်းရမှာပေါ့” လို့ AAC ရုံးတာဝန်ရှိသူ ဦးလှခိုင်က ပြောပါတယ်။
AAC အဖွဲ့ဟာ ထိုင်းရောက်မြန်မာလုပ်သားတွေ လုပ်ငန်းခွင်ထိခိုက်မှုတွေ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာတွေနဲ့ ပစ်ပယ်ခံထားရတဲ့ မြန်မာလုပ်သားဒုက္ခသည်တွေကို ဆယ်နှစ်ကျော်ကြာကူညီစောင့်ရှောက်နေတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။










Comments