မူးယစ်ဆေးဝါးရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်စွပ်စွဲချက်ကို AAတုံ့ပြန်
- BVJ

- Sep 19
- 1 min read
BVJ/ဂျိုး_စက်တင်ဘာ ၁၇၊ ၂၀၂၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေသူတချို့နဲ့ အာရက္ခတပ်တော်-AA ပတ်သက်နေတယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေစွပ်စွဲမှုဟာ အခြေအမြစ်မရှိတဲ့ လုပ်ကြံစွပ်စွဲချက်ဖြစ်ကြောင်း AAဘက်ကတုံ့ပြန်ပါတယ်။
ဘင်္ဂလားဒေချ့်ဘက်ကလူတွေ AA ထိန်းချုပ်နယ်မြေကနေ မူးယစ်ဆေးဝါးတွေရနေတယ်ဆိုတာဟာ အခြေအမြစ်မရှိတဲ့ တဖက်သတ်စွပ်စွဲချက်တွေလို့ အာရက္ခတပ်တော်-AAပြောခွင့်ရ ခိုင်သုခက Burma VJကို ပြောပါတယ်။
“BGBကစွပ်စွဲထားသလို သူတို့ဘင်္ဂလားဒေ့ချ်နိုင်ငံသားတွေ မူးယစ်ဆေးဝါးတွေကို AA ထိန်းချုပ်နယ်မြေကသွားယူနေကြတယ်ဆိုတာလုံးဝမဟုတ်ပါဘူး။ ဒါဟာအခြေအမြစ်မရှိ တဖက်သတ်လုပ်ကြံစွပ်စွဲချက်ဘဲဖြစ်ပါတယ်။ နယ်စပ်ကိုကျနော်တို့ အာရက္ခတပ်တော်AA ထိန်းချုပ်ပြီးနောက်ပိုင်းမူးယစ်ကုန်သွယ်ရေးလုပ်ငန်းတွေလုံးဝရပ်တန့်သွားပြီးဖြစ်ပါတယ်။”
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ရခိုင်ပြည်နယ် ဘူးသီးတောင်, မောင်တောကို စစ်ကောင်စီထိန်းချုပ်ထားတဲ့အချိန်ကတည်းက စစ်ကောင်စီနဲ့မူးယစ်လုပ်ငန်း အကျိုးစီးပွားဆက်စပ်နေတဲ့ ဘင်္ဂလားနယ်ခြားစောင့်တပ်တွေဟာ သူတို့အကျိုးစီးပွားပျက်သွားတဲ့အတွက် AAအပေါ်မှာနည်းမျိုးစုံနဲ့ ထိုးနှက်တိုက်ခိုက်လာတာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။
“လူသားချင်းစာနာမှုအထောက်အကူပစ္စည်းတွေဖြစ်တဲ့ ဆေးဝါးနှင့်အခြေခံ လူသုံးကုန်ပစ္စည်းတွေကို အာရက္ခပြည်ဖက်လုံးဝမရောက်ရအောင်ကန့်သတ်ပိတ်ပင်မှုတွေ လုပ်လာတာတွေ့ ရတယ်။ ဒါကြောင့်နယ်စပ်ကို ဘယ်သူမှဖြတ်သန်းသွားလာတာလုပ်လို့မရတော့ဘူး။ ဒီလိုအခြေအနေမှာ သူတို့ဘင်္ဂလားဒေ့ချ်နိုင်ငံသားတွေ AA ထိန်းချုပ်နယ်မြေက မူးယစ်ဆေးဝါးသွားယူနေကြတယ်လို့ပြောတာက လုံးဝယုတ္တိမရှိတဲ့ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် အခု BGB sector commander ရဲ့ စွပ်စွဲပြောဆိုမှုဟာ မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ သူတို့ အကျိုးစီးပွားပတ်သက်နေမှုကို ဖုံးကွယ်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ရမ်းသန်းစွပ်စွဲပြောဆိုချက်တွေသာဖြစ်ပါတယ်”

လက်ရှိဘင်္ဂလားဒေ့ရှ်ဘက်မှာဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေဟာလည်း အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရန်ကုန်၊ စစ်တွေမြို့တွေကနေ ပင်လယ်ရေကြောင်းအတိုင်း စစ်ကောင်စီနဲ့ မဟာမိတ်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့အစည်းတွေပေါင်းပြီးတော့ ဘင်္ဂလားဒေ့ချ်ရေပိုင်နက် စိန့်မာတင်ကျွန်းကိုတင်ပို့နေကြတာဖြစ်တယ်လို့လည်း AAပြောခွင့်ရ ခိုင်သုခကဆက်ပြောပါတယ်။
“ဒီမူးယစ်လုပ်ငန်းလမ်းကြောင်းကနေ အကျိုးအမြတ်ရနေတဲ့ BGBနှင့် ဘင်္ဂလား coast guard တပ်ဖွဲ့က အရာရှိအချို့ဟာ သူတိုရဲ့မူးယစ်လုပ်ငန်းနှင့်အကျိုးစီးပွားဆက်စပ်နေမှုတွေကို ဖုန်းကွယ်ဖိုအတွက် AA ထိန်းချုပ်ဧရိယာက လာသလိုလိုမျိုး စွပ်စွဲပြောဆိုမှုတွေကို အကြမ်းဖက်စစ်ကောင်စီနဲ့အချိန်ကိုက် လီဆယ်လုပ်ကြံထုတ်ပြန်နေကြတာဖြစ်တယ်”
ပြီးခဲ့တဲ့နှစ်လအတွင်း ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ကော့စ်ဘဇားခရိုင်နဲ့ နတ်ကျောက်ဆရီမြို့ နယ်စပ်တလျှောက်ကနေ တာကာငွေ ၈၈.၉ ကုဋေတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့လက်နက်ခဲယမ်းတော်တော်များများဖမ်းဆီးရမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB)က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်းက နယ်စပ်မြို့တွေဖြစ်တဲ့ ဘူးသီးတောင်, မောင်တောကို အာရက္ခတပ်တော်-AAဘက်က သိမ်းပိုက်ထားတာဖြစ်ပြီး နယ်စပ်လုံခြုံရေးနဲ့ စစ်ကျန်လက်နက်ရှင်းလင်းရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။







Comments