ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က မူဆလင်ဒုက္ခသည်တွေကို အားပေးအားမြှောက်လုပ်နေလို့ AAပြော
- BVJ

- Sep 19
- 1 min read
BVJ/ ဂျိုး၊ စက်တင်ဘာ ၁၈၊ ၂၀၂၅

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်-BGBအနေနဲ့ ဒုက္ခသည်စခန်းအတွင်းက မူဆလင်တွေကို လက်နက်တပ်ဆင်ပေးပြီး အကြမ်းဖက်လုပ်ရပ်တွေအတွက် ကျောထောက်နောက်ခံပေး အကျိုးအမြတ်ရယူနေတယ်လို့ အာရက္ခတပ်တော်-AAပြောခွင့်ရ ခိုင်သုခက Burma VJကို ပြောပါတယ်။
“ဘင်္ဂလားနယ်ခြားစောင့်တပ် BGB ဟာ ဒုက္ခသည်စခန်းက ဘာသာရေးအစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်စစ်သွေးကြွအဖွဲအစည်းတွေကိုသင်တန်းပေး၊ လက်နက်တပ်ဆင်ပေးနေပါတယ်”
အခုလို လက်နက်တပ်ဆင်ပေးထားတဲ့ မူဆလင်လက်နက်ကိုင်တွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ်-BGBအနီးဝန်းကျင်တွေမှာနေရာချထားပြီး အကြမ်းဖက်လုပ်တွေအတွက် ကျောထောက်နောက်ခံပေး အကျိုးအမြတ်ရယူနေတယ်လို့ သူကဆက်ပြောပါတယ်။
“အဲဒီအကြမ်းဖက်လက်နက်ကိုင်တွေကို သူတို့BGBစခန်း ဘေးပတ်လည်နေရာတွေမှာ နေရာချထားပြီးတော့ အကြမ်းဖက် လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ဓါးမြတိုက်မှု၊ မုဒိန်းမှု၊ မူးယစ်မှောင် ခိုလုပ်ငန်း၊လူကုန်ကူးမှု အစရှိတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုမျိုးစုံကိုကျူးလွန်ဖို့အတွက် ကျောထောက်နောက်ခံပေးထားပြီး အကျိုးအမြတ်ရယူနေတာ”လို့ ခိုင်သုခကပြောပါတယ်။
အခုဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ရဲ့ လုပ်ရပ်ဟာ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ဒေသတွင်းလုံခြုံရေးကို ဆိုးရွားစွာခြိမ်းခြောက်နေတာဖြစ်တယ်လို့လည်း အာရက္ခတပ်တော်-AAဘက် ကပြောဆိုထားပါတယ်။
ဒီလအတွင်းမှာ ရခိုင်ပင်လယ်ပြင်ရေပိုင်နက်အတွင်းကို လာရောက်ကျူးကျော်ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းဘုတ်တွေကို အာရက္ခတပ်တော်-AAက သွားရောက်ဖမ်းဆီးချိန်မှာ ငါးဖမ်းသမားအဖြစ်ဟန်ဆောင်လိုက်ပါလာတဲ့အကြမ်းဖက်သမားတွေက AAအရာရှိတစ်ဦးနဲ့ ရဲဘော်တစ်ဦးသတ်ဖြတ်သွားတယ်လို့ AAဘက်က သတင်းထုတ်ပြန်ထားတာရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ဒေသတခုဖြစ်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင် မောင်တောမြို့တွေကို အာရက္ခတပ်တော်-AAက သိမ်းပိုက်ပြီးနောက်ပိုင်း ARSAအကြမ်းဖက်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ ဆက်လက်ရင်ဆိုင်နေရပြီး ဒေသခံတွေ မကြာခဏသတ်ဖြတ်ခံရတာတွေနဲ့ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။







Comments