ပဲခူး၊မကွေး၊ဧရာဝတီအစပ်တို့မှာ ခံစစ်နဲ့အတူတန်ပြန်စစ်ဆင်နွှဲနေတယ်လို့ AAအသိပေး
- BVJ

- Oct 16
- 1 min read
BVJ/ဂျိုး_အောက်တိုဘာ ၁၆၊ ၂၀၂၅

စစ်ကောင်စီနဲ့ အာရက္ခတပ်တော်-AAကြား မကွေးတိုင်း-နတ်ရေကန်ဗျူဟာအပါအဝင် ရခိုင်-ပဲခူးတိုင်းအစပ်၊ ရခိုင်-ဧရာဝတီတိုင်းအစပ်တွေမှာ နှစ်ဘက်အပြန်အလှန်ထိုးစစ်တွေနဲ့ တိုက်ပွဲတွေတောက်လျောက်ပြင်းထန်နေတယ်လို့ AAကအသိပေးလာပါတယ်။
မကွေးတိုင်း၊ငဖဲမြို့နယ်အတွင်းက နှစ်ဘက်စလုံးအတွက်စစ်ရေးအချက်အချာကျတဲ့ နတ်ရေကန် ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်ယူဖို့အတွက် လက်ကျန်နေရာတချို့ကို AAအနေနဲ့ထိုးစစ်ဆင် တိုက်ခိုက်နေသလို ကစဉ့်ကလျားထွတ်ပြေးနေကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နေရာတချို့မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ AAက မနေ့ကညပိုင်းမှာထုတ်ပြန်ပါတယ်။
လက်ရှိမှာ နတ်ရေကန်ဟာဗျူဟာကုန်းကိုအပြီးသတ်မသိမ်းပိုက်နိုင်သေးပေမယ့် နတ်ရေကန်ဗျူ ဟာအတွင်းက လက်နက်ချအလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေအားလုံးကို စစ်သုံပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးထားတယ်လို့လည်း AAကပြောထားပါတယ်။
ပဲခူးတိုင်း၊ ပန်းတောင်းမြိုနယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ)ကျေးရွာအနီးက စစ်ကောင်စီရဲ့ (၆၆၆) ပွိုင့်ကုန်းကို အာရက္ခတပ်တော်-AAဘက်က အခု အောက်တိုဘာလ (၁၄) ရက်နေ့မနက်ပိုင်းမှာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်သားအလောင်းတချို့၊ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၅ရက် နေ့လယ်၃း၅၅မိနစ်အချိန်မှာတော့ ဧရာဝတီတိုင်း၊ ရေကြည်မြိုနယ်၊ စက်စက်ယိုကျေးရွာအနီးမှာ မိနစ်အနည်းငယ်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီနဲ့ အာရက္ခတပ်တော်-AAကြား ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့ အနီးပတ်ဝန်းကျင်မှာလည်း မြေပြင်ထိုစစ်တွေမရှိသေးပေမယ့် လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အပြန်အလှန်တိုက်ခိုက်တာတွေ ဒီရက်ပိုင်းအတွင်းပိုမိုပြင်းထန်လာနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ြပပါတယ်။
စစ်ကောင်စီအနေနဲ့သူ့တို့ လက်လွှတ်ဆုံးရှုးခဲ့ရတဲ့စခန်းတွေ တပ်ရင်းဌာနချုပ်၊ တပ်မဌာနချုပ်တွေအပါအဝင် မြို့တချို့ကိုပြန်လည်သိမ်းပိုက်နိုင်ဖို့ကြိုးစားနေသလို နောက်ထပ်စခန်းတွေလက်လွှတ်မဆုံးရှုးရဖို့အတွက်လည်း ထိုးစစ်၊ခံစစ်တွေကိုနေရာအနှံအပြားမှာ ပြုလုပ်နေတယ်လို့ AAဘက်ကထုတ်ပြန်ပါတယ်။







Comments