ဧရာဝတီတိုင်းက AAနဲ့ပူးပေါင်းတိုက်ပွဲအတွင်းမှာ PDFခွဲမှူးကျဆုံး
- BVJ

- Jan 15
- 1 min read
မိုနာ/BVJ_ဇန်နဝါရီ ၁၅၊ ၂၀၂၆

ဧရာဝတီတိုင်းအတွင်းမှာ AAနဲ့ပူးပေါင်းပြီး စစ်အုပ်စုကိုတိုက်ထုတ်နေတဲ့တိုက်ပွဲအတွင်းမှာ ဧရာဝတီတိုင်းပြည်သူ့ကာကွယ်ရေးတပ် အမှတ်(၂၉)ရေသရဲတပ်ခွဲက ဗျူဟာ-၂၉ခွဲမှူးဖြစ်တဲ့ မောင်ဖြူဖွေး(ခ)မောင်ဇွဲသူရကိုကိုကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ စက်စက်ယိုကျေးရွာရဲ့မြောက်ဖက် စောပြာကျေးရွာနားမှာ အာရက္ခတပ်တော်-AAနဲ့ ဧရာဝတီတိုင်းပြည်သူ့ကာကွယ်ရေးတပ် အမှတ်(၂၉)ရေသရဲတပ်ခွဲတို့ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာ အခုလ ဇန်နဝါရီ ၈ရက်ကကျဆုံးခဲ့တာဖြစ်ပါတယ်။
မောင်ဖြူဖွေး(ခ)မောင်ဇွဲသူရကိုကို ကျဆုံးမှုနဲ့ပတ်သက်ပြီး သူနဲ့ရင်းနှီးသူတစ်ဦးက“သူကရဲကနေ CDMလုပ်လာပေမယ့်လူချစ်လူခင်အရမ်းပေါတာ။သူ့တပ်ကအငယ်တွေနဲ့လည်းတည့်တယ်။ တော်လှန်ရေးမှာလည်းတော်တော်တက်တက်ကြွကြွနဲ့ အားစိုက်ထားတဲ့လူငယ်တယောက်ပါ။ လူရွှင်တော်လည်းလုပ်ချင်တာဆိုတော့ ဟာသတွေလည်းတောက်လျောက်ပြောနေတတ်တာမျိုး။ အခုသူကျသွားတော့ အကုန်လုံးကတော်တော်နဲ့မဖြေနိုင်ကြဘူး”လို့ Burma VJကိုပြောပါတယ်။

ကျဆုံးသွားတဲ့ မောင်ဖြူဖွေး(ခ)မောင်ဇွဲသူရကိုကို(၂၉ နှစ်)ဟာ ရဲCDMတစ်ယောက်လည်းဖြစ်ပြီး Myanmar Police CDM Channel-MPCCရဲ့အတွင်းရေးမှူးလည်းဖြစ်ကြောင်းနဲ့ ကျဆုံးမှုအတွက် ဝမ်းနည်းကြောင်းကို ဇန်နဝါရီ ၁၃ရက်မှာ MPCCကထုတ်ပြန်ထားပါတယ်။
မောင်ဖြူဖွေး(ခ)မောင်ဇွဲသူရကိုကိုကျဆုံးပြီးနောက်မှာ သူ့ရဲ့Facebookအကောင့်ကိုရန်သူဘက်ကအသုံးပြုနေတာကြောင့် မဆက်သွယ်ကြဖို့ကိုလည်း ဖြူဖွေးရဲ့အမျိုးသမီးဖြစ်သူက အသိပေးထားပါတယ်။
ဓါတ်ပုံ-ကျဆုံးရဲဘော် ဖြူဖွေး(ခ)မောင်ဇွဲသူရကိုကို







Comments