top of page

အရပ်သားတွေ စစ်ရေးသတိရှိကြဖို့ AAသတိပေး 

  • Writer: BVJ
    BVJ
  • 2 days ago
  • 1 min read

BVJ/ဂျိုး_စက်တင်ဘာ ၃၀၊ ၂၀၂၅

မြောက်ဦးမြိုနယ်၊ ရမ်းချောင်းနားမှာ AAကစစ်သုံ့ပန်းမိသားစုဝင်တွေထားတဲ့နေရာကို စစ်ကောင်စီကဂျက်ဖိုက်တာနဲ့ ၂၀၂၅၊ ဇန်နဝါရီ ၁၈ရက်ကဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ။
မြောက်ဦးမြိုနယ်၊ ရမ်းချောင်းနားမှာ AAကစစ်သုံ့ပန်းမိသားစုဝင်တွေထားတဲ့နေရာကို စစ်ကောင်စီကဂျက်ဖိုက်တာနဲ့ ၂၀၂၅၊ ဇန်နဝါရီ ၁၈ရက်ကဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ။


အာရက္ခတပ်တော်-AAထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တချို့နဲ့ ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်တို့ကို ဒီရက်ပိုင်းအတွင်းမှာ စစ်ကောင်စီကလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေလည်းရှိလာနေပါတယ်။

 

အခု စက်တင်ဘာ၂၇ရက်ကစပြီး သုံးရက်ဆက်တိုက် စစ်ကောင်စီကလေကြောင်းဗုံးကြဲခဲ့တာကြောင့် ရခိုင်ဒေသခံ တစ်ဦးနဲ့ ပလက်ဝဒေသခံ နှစ်ဦးသေဆုံးခဲ့သလို အရပ်သား ၃၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

စစ်ကောင်စီဟာ လေကြောင်းဗုံးကြဲတာတွေအပြင် မြေပြင်အထိုင်ချလက်နက်ကြီးစခန်းတွေကနေ လက်နက်ကြီးတွေနဲ့လှမ်းပစ်တာတွေရှိသလို ရေတပ်ကနေလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ ရခိုင်ဒေသခံတဦးက ပြောပါတယ်။

 

“စစ်တွေမှာအထိုင်ချထားတဲ့ လက်နက်ကြီးတပ်တွေက ပုဏ္ဏားကျွန်း၊ပေါက်တောနဲ့ ရသေ့တောင် ဘက်တွေကိုလက်နက်ကြီးတွေနဲ့ ဒီရက်ပိုင်းတောက်လျောက်ပစ်နေတယ်။ နေ့ရောညနေ အရပ်သားထိခိုက်သေဆုံးတာတော့ မရှိဘူး။ သူတို့ကရမ်းပစ်နေတာ ကျချင်တဲ့နေရာကျဆိုပြီး။ အခုလို ပစ်နေတော့ ဒီမှာနေတဲ့သူတွေစိုးရိမ်ကြတာပေါ့။ ဘယ်နေ့များအိပ်နေတဲ့အချိန် ကိုယ့်အိမ်ကို လက်နက်ကြီးကျမလဲဆိုပြီး ကောင်းကောင်းတောင်အိပ်မပျော်ဘူး”လို့ပြောပါတယ်။

 

အာရက္ခတပ်တော်-AAနဲ့ စစ်ကောင်စီတို့ဟာ ရခိုင်ပြည်နယ်အစပ်ကနေရာသုံးခုလောက်မှာ နှစ်ဖက် တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးတွေနဲ့ရင်ဆိုင်နေရတယ်လို့ AAဘက်ကထုတ်ပြန်ထားပါတယ်။

 

အခုလို ထိခိုက်ကျဆုံးမှုများနေတဲ့ စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကိုဦးတည်ပြီးတော့ လေကြောင်းဗုံးကြဲတာတွေ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကို ဒီရက်ပိုင်းတိုးလုပ်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ကို AAက မနေ့ကညမှာတိုက်တွန်းထုတ်ပြန်ထားပါတယ်။

 

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့မှာနေထိုင်တဲ့ ဒေသခံတစ်ဦးကတော့ “ကျမတို့ ဒီမှာနေရတာ အသက်အန္တရာယ်က နေ့တိုင်းစိုးရိမ်နေရတာ။ တရက်မှလုံခြုံတယ်လို့မခံစားရဘူး။ အမြဲတမ်းစိုးရိမ်နေကြရတာ။ ကျောက်တော်ဆိုရင် မကြာခဏဗုံးကြဲတယ်။ အခုထိတော့ သေကံမပါသေးလို့ မသေသေးတာ။ သတိထားနေဆိုရင်တောင် သူတို့က ဘယ်အချိန် လာကြဲမှန်းလည်းမသိဘူးလေ” လို့ပြောပါတယ်။

 

AAအနေနဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ခုကိုတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး အုပ်ချုပ်ရေး၊တရားစီရင်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။

 

ဒါပေမယ့်လည်း AAထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီရဲ့လေကြောင်းရန်ကိုကာကွယ်နိုင်ခြင်း မရှိသေးသလို ပြည်သူတွေလုံခြုံရေးအတွက် လေကြောင်းအချက်ပေးစနစ်တွေလည်း ကောင်းကောင်း မွန်မွန်လုပ်ဆောင်ထားတာမရှိသေးဘူးလို့ ရခိုင်ဒေသခံတွေက ပြောဆိုကြပါတယ်။

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page