အေအေ နယ်စပ်လုံခြုံရေးစခန်း တိုက်ခိုက်ခံရ
- BVJ

- Dec 15, 2025
- 1 min read
ယူဂရင်း/BVJ_ဒီဇင်ဘာ ၁၅၊ ၂၀၂၅

ဘင်္ဂလားနယ်စပ်နားက အာရက္ခတပ်တော်-AAရဲ့လုံခြုံရေးစခန်းတခုကို အင်အား ၁၀ယောက်ခန့်ပါတဲ့ အစ္စလာမ်မစ်လက်နက်ကိုင်အဖွဲ့က အလစ်ဝင်တိုက်ခဲ့တယ်လို့ AAက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
အခုလ ဒီဇင်ဘာ ၁၃ရက် မနက်၆း၃၀အချိန်မှာ မောင်တောခရိုင် အထက်ကျီးကျွန်း၊ နယ်စပ်မှတ်တိုင် (၂၀/၂၁) အကြားရှိ AAရဲ့နယ်စပ်လုံခြုံရေးစခန်းကို ဘင်္ဂလာဖက်ခြမ်းကနေဖြတ်ကျော်ဝင်ရောက်ပြီး လက်နက်ငယ်အပါအဝင်၊ 40 MM (79) တို့နဲ့ မိနစ်အနည်းငယ်ကြာ အလစ်အငိုက်ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီလို အလစ်ဝင်တိုက်ခိုက်လာတဲ့အဖွဲ့ကို အေအေတပ်ဖွဲ့ဝင်တွေကပြန်တိုက်ခိုက်ခဲ့တာကြောင့် ဘင်္ဂလားဘက်ခြမ်းရှိ BGBနယ်ခြားစောင့်စခန်းတခုနားကို ဆုတ်ခွာထွက်ပြေးသွားကြောင်းနဲ့ ARSO ၊RSO လက်နက်ကိုင်အဖွဲ့ဝင်တွေဟာ အခုလိုပဲအလစ်ဝင်တိုက်တာအပါအဝင် အရပ်သားတွေကိုချုံခိုတိုက်ခိုက်၊ သတ်ဖြတ်၊ ပြန်ပေးဆွဲ၊ ငွေညှစ်တာတွေကိုလည်း လုပ်လေ့ရှိကြောင်းကို အေအေက ပြောထားပါတယ်။
“မိမိတို့ အာရက္ခနယ်စပ်ရှိနေရာများသို့ ဘင်္ဂလာဘက်ခြမ်းမှယခုကဲ့သို ဖြတ်ကျော်ဝင်ရောက်ကာ အလစ်အငိုက်၊ ချောင်းမြောင်း တိုက်ခိုက်သောလုပ်ရပ်များမှာ အကျင့်ပျက် BGB တပ်မှူးများမှ မသိကျိုးကျွန်ပြုကာ အကြမ်းဖက်သမားများကို အားပေးအားမြှောက်ပြုနေသကဲ့သို ဖြစ်နေသောကြောင့် နယ်စပ်တည်ငြိမ်ရေးကို များစွာအနှောင့်အယှက်ဖြစ်စေပါသည်”လို့ အေအေရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် နှစ်ဖက်တပ်ဖွဲ့တွေကြားရှိနေပြီသား တည်ဆောက်နေကြတဲ့ယုံကြည်မှုတွေကိုလည်း ဆုတ်ယုတ်စေပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေဖြစ်ပေါ်လာမှာကို စိုးရိမ်တယ်လို့လည်း အေအေဘက်က ထုတ်ပြန်လာပါတယ်။







Comments