top of page

မောင်တောခရိုင်မှာ AAနဲ့ ARSA တိုက်ပွဲပြင်းထန်နေ 

  • Writer: BVJ
    BVJ
  • Sep 23
  • 1 min read

BVJ/ဂျိုး_စက်တင်ဘာ ၂၃၊ ၂၀၂၅

ဓါတ်ပုံ-မောင်တောမြို့နယ်အတွင်း ARSAတပ်ဖွဲ့ဝင်များကိုတွေ့ရပုံ။
ဓါတ်ပုံ-မောင်တောမြို့နယ်အတွင်း ARSAတပ်ဖွဲ့ဝင်များကိုတွေ့ရပုံ။

ရခိုင်-ဘင်္ဂလား‌ဒေ့ရှ်နယ်စပ် မောင်တောခရိုင်အတွင်းမှာ မူဆလင်လက်နက်ကိုင်တပ်တခုဖြစ်တဲ့ ARSAနဲ့ အာရက္ခတပ်တော်-AAတို့အကြား ဒီရက်ပိုင်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

 

မောင်တောမြို့ ဝေလာတောင်အနီးအနားမှာ နှစ်ဘက်တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာလို့ ရခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

“ဝေလာတောင်အလွန်ဗန္ဓုလဖက်ကတော့ သေနတ်သံတွေကြားဆက်တိုက်ကြားနေရတယ်။ သေချာတော့ မသိဘူး”လို့ ပြောပါတယ်။

 

အခုလိုတိုက်ပွဲ ပြင်းထန်နေတဲ့မောင်တောက AAစခန်းတစ်ခုကို သိမ်းဆည်းရမိတယ်လို့ ARSA တပ်ဖွဲ့ဝင်တွေက Facebook၊ X လူမှုကွန်ရက်ပေါ်ကနေ ရုပ်သံဖိုင်နဲ့တကွ မနေ့ကထုတ်ပြန်ထားပေမယ့်လည်း စခန်းသိမ်းမိတဲ့အကြောင်းအသေးစိတ်ကိုတော့ ARSAက ဖော်ြပထားတာမတွေ့ရပါဘူး။

 

လက်ရှိ ARSAထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အာရက္ခတပ်တော်-AAဘက်က တစုံတရာထုတ်ပြန် ထားတာတော့မတွေ့ရသေးသလို ဒါနဲ့ပတ်သက်ပြီး AA ပြောခွင့်ရခိုင်သုခကို Buram VJက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

 

AAစစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ မောင်တောခရိုင်အတွင်းရှိတဲ့ AAတပ်စခန်းတွေကို ARSA,RSOစတဲ့ မူဆလင်လက်နက်ကိုင်တွေက ဝင်ရောက်တိုက်ခိုက်နေတာကြောင့် ဒီရက်ပိုင်းနှစ်ဘက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဧရာဝတီသတင်းဌာနနဲ့အင်တာဗျူး မှာပြောဆိုထားပါတယ်။

 

ဓါတ်ပုံ-မောင်တောမြို့နယ်အတွင်း ARSAတပ်ဖွဲ့ဝင်များကိုတွေ့ရပုံ။
ဓါတ်ပုံ-မောင်တောမြို့နယ်အတွင်း ARSAတပ်ဖွဲ့ဝင်များကိုတွေ့ရပုံ။

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ဒေသတခုဖြစ်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင် ၊မောင်တောမြို့တွေကို AAကသိမ်းပိုက်ပြီးနောက်ပိုင်း ARSAအဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေနဲ့ ဆက်လက်ရင်ဆိုင်နေရပြီး ဒေသခံတွေလည်း မကြာခဏသတ်ဖြတ်ခံရတာတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်။

 

ဒီရက်ပိုင်းအတွင်းမှာပဲ မောင်တောမြို့နယ်အတွင်းဝါးခုတ်သွားတဲ့ ဒေသခံနှစ်ဦးပျောက်သွားတာကြောင့် လိုက်ရှာကြတဲ့AAတပ်ဖွဲ့ဝင်တွေထဲကတစ်ဦးကို မူဆလင်လက်နက်ကိုင်တွေဖြစ်တဲ့ ARSA၊ RSO က ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့  ရခိုင်ဒေသတွင်းအခြေအနေကိုဖော်ပြနေတဲ့ APNသတင်းဌာနမှာရေးထားပါတယ်။

 

လက်ရှိမှာ AAနဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ ARSA,RSOအဖွဲ့တွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်-BGBက ကျောထောက်နောက်ခံပေးထားတာဖြစ်တယ်လို့လည်း AAဘက်က ပြောဆိုထားတာရှိပါတယ်။

 

ဒါ့အပြင် BGB အနေနဲ့ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းအတွင်းက မူဆလင်တွေကို လက်နက်တပ်ဆင်ပေးပြီး အကြမ်းဖက်လုပ်ရပ်တွေအတွက်ကျောထောက်နောက်ခံပေး အကျိုးအမြတ်ရယူနေတယ်လို့လည်း AAပြောခွင့်ရ ခိုင်သုခက Burma VJကို ပြောထားပါသေးတယ်။

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page