top of page

စစ်သုံ့ပန်းစခန်းဗုံးကြဲခံရမှု သေဆုံးသူ ၂၁ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၀ ဝန်းကျင်ရှိ

  • Writer: BVJ
    BVJ
  • Jan 22
  • 1 min read

BVJ/ဂျိုး_ဇန်နဝါရီ ၂၁၊ ၂၀၂၆

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကြားမှာရှိတဲ့ အာရက္ခတပ်တော်-AAရဲ့ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်းတခုကို မနေ့ကညနေပိုင်းမှာ စစ်အုပ်စုကလေကြောင်းဗုံးကြဲခဲ့တာကြောင့် စစ်သုံ့ပန်းနဲ့မိသားစုဝင် ၂၁ဦးသေဆုံးပြီးတော့ ၃၀ ဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။


စစ်အုပ်စုဟာ မနေ့က ညနေ ၇နာရီကျော်လောက်မှာ ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကြားမှာရှိတဲ့ ချောင်းတူကျေးရွာအနောက်ဘက် နေရာတချို့ကိုဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ လာရောက်ဗုံးကြဲခဲ့တာဖြစ်တယ်လို့ AAဘက်ကဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။


စစ်အုပ်စုဗုံးကြဲမှုကြောင့်သေဆုံးသူတွေထဲမှာ ကလေးတွေ၊လူကြီးတွေနဲ့ အမျိုးသမီးတွေလည်းပါဝင်တယ်လို့ အသက်ရှင်ကျန်ရှိခဲ့တဲ့ စစ်သုံ့ပန်းမိသားစုဝင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။


“လေယာဉ်ကတော့ အခါတိုင်းလည်းဖြတ်ပျံနေတာပဲဘာမှမဖြစ်ဘူး။မနေ့ကတော့ ဘာကြောင့် ဘယ်လိုလာပစ်မှန်းကိုမသိဘူး။ကြည့်မရလို့ပစ်တာလား မသိဘူး။ အဖွားတို့အဖမ်းခံရတာ ၂နှစ်နဲ့ ၃ရက်ရှိသွားပြီ။ တခါမှအဲလိုမကြုံဖူးဘူး”

စစ်အုပ်စုအနေနဲ့ အခုလိုစစ်သုံ့ပန်းစခန်းတွေကို လေကြောင်းဗုံးကြဲနေတာကြောင့် ညတိုင်းစိုးရိမ်နေကြရတယ်လို့လည်း သူကဆက်ပြောပါတယ်။


“ဘယ်သူ့ကိုမှအပြစ်မပြောပါဘူး ကြားထဲမှာအဘွားတို့မြေစာပင်ဖြစ်ရတယ်။ ညရောက်ရင်ကြောက်နေရတယ်။ ထိုင်ပြီးတော့ငိုနေရတာ။ ညတိုင်းအိပ်မပျော်ဘူး။ ဒီလိုမျိုးမလုပ်ပါနဲ့”


လက်ရှိသေဆုံးသွားသူတွေဟာ ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲမှာဖမ်းဆီးရမိထားတဲ့ ၃၇၇ တပ်ရင်းနဲ့ ၅၃၉ တပ်ရင်းတို့က စစ်သုံ့ပန်းမိသားစုတွေဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့မှာလည်း မြောက်ဦးမြို့နယ် ရမ်းချောင်းအနီးတဝိုက်က AAရဲ့ စစ်သုံ့ပန်းတွေထားတဲ့စခန်းတခုကို စစ်အုပ်စုက လေကြောင်းဗုံးကြဲခဲ့တာကြောင့် စစ်သုံ့ပန်းတွေနဲ့ သုံ့ပန်းမိသားစုဝင် ၂၈ ဦးသေဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ အသက်၁၅ နှစ်အောက် ကလေး ၈ ဦးနဲ့ အမျိုးသမီး ၂၁ ဦးပါဝင်ခဲ့ပါတယ်။


ပုံစာ- ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကြားမှာရှိတဲ့ ချောင်းတူကျေးရွာအနောက်ဘက်က စစ်သုံ့ပန်းစခန်းဗုံးကြဲခံရမှုအတွင်း သေဆုံးဒဏ်ရာသူတွေနဲ့ မိသားစုဝင်များ။

ဓာတ်ပုံ- Bone Than


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page