ရခိုင်ပြည်နယ်ထဲက အရပ်သားပြည်သူတွေရဲ့ ခရီးသွားလာခွင့်ကို AA ကန့်သတ်
- BVJ

- May 22
- 1 min read
BVJ/အိုင်းရစ် _ မေ ၂၂ ၊ ၂၀၂၅

အသက်အန္တရာယ်စိုးရိမ်ရတဲ့ လူနာတွေနဲ့ ပြင်းထန်ရောဂါကြောင့် ဆေးဝါးကုသမှုခံယူဖို့ လိုအပ်နေတဲ့ လူနာတွေကလွဲပြီး ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အရပ်သားပြည်သူတွေရဲ့ ခရီးသွားလာခွင့်ကို အာရက္ခတပ်တော် (AA) က တားမြစ်ကြောင်း ဒီနေ့ မေ ၂၂ ရက်မှာ ထုတ်ပြန်လာပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ် ပြဌာန်းချက် (NDEP) ကို အခု မေလ ၁၈ ရက်နေ့က စတင်ပြဌာန်းခဲ့ပြီး NDEP ပါ စစ်မှုထမ်းသတ်မှတ်ချက် အကျုံးဝင်သူ အမျိုးသား၊ အမျိုးသမီးအားလုံး လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေမပြီးမချင်း ရခိုင်ပြည်နယ်ပြင်ပကို ခရီးသွားလာခွင့်မပြုဘူးလို့ တားမြစ်လိုက်တာလည်း ဖြစ်ပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ပြဌာန်းလိုက်တဲ့ NDEP ထဲမှာ စစ်မှုထမ်း အကျုံးဝင်သူ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်း အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်အတွင်း အမျိုးသမီးတွေကို အသက်အန္တရာယ် စိုးရိမ်ရတဲ့ အရေးပေါ်အခြေအနေကလွဲပြီး ကျန်သူအားလုံးကို ခရီးသွားလာခွင့် ပိတ်ပင်ထားပါတယ်။
ဒါ့အပြင် ကုန်းလမ်း၊ ရေလမ်းတို့ကို နေရပ်စွန့်ခွာသွားလာလိုကြသူတွေကို အခကြေးငွေယူပြီး သယ်ယူပို့ဆောင်ပေးနေတာကိုလည်း တားမြစ်လိုက်ပြီး စားသောက်ကုန်သယ်ဆောင်တဲ့ ကုန်သည်တွေအနေနဲ့လည်း ခရီးသွားလာချိန် လူပိုသယ်ယူပို့ဆောင်ပါက ULA/AA က အရေးယူမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီကလည်း ရခိုင်အမျိုးသားမှတ်ပုံတင်ကိုင်ဆောင်ထားကြသူတွေနဲ့ ရခိုင်တိုင်းရင်းသားတွေကို ပစ်မှတ်ထားဖမ်းဆီးမှုတွေ၊ ခြိမ်းခြောက်ငွေတောင်းခံမှုတွေ၊ မတရားဖမ်းဆီးထောင်ချတာတွေ၊ သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာကြောင့် အခုလို ခရီးသွားလာတမျိုးကို ကန့်သတ်လိုက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ကို စစ်ကောင်စီလက်အောက်က လွတ်မြောက်ရေးအတွက် မြို့သိမ်းတိုက်ပွဲတွေကို အကန့်အသတ်နဲ့ ဖော်ဆောင်နေချိန် ဒေသတွင်းမှာရှိတဲ့ အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်၊ လုံခြုံရေးကိုလည်း အထူးသတိထားလုပ်ဆောင်နေတယ်လို့လည်း ULA/AA က ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း AA တပ်တော်က သိမ်းယူဖို့ကျန်ရှိနေသေးတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တို့ထဲက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးရှိျတဲ့ ကျောက်ဖြူမြို့နယ်ကို AA တပ်တော်က ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်နေပြီး ဒေသအချို့ကိုလည်း သိမ်းယူထားနိုင်ပြီဖြစ်တယ်လို့လည်း ရခိုင်သတင်းဌာနတွေက ဖော်ပြထားပါတယ်။







Comments