တော်လှန်ရေးအဖွဲ့ထဲဝင်လာတဲ့ အသက်မပြည့်သေးသူ ၄ ဦးကို မြင်းခြံခရိုင်ပကဖက မိဘတွေထံ ပြန်လည်အပ်နှံ
- BVJ

- Jun 28
- 1 min read
BVJ/ထက်အောင် _ ဇွန် ၂၈ ၊ ၂၀၂၅

မကွေးတိုင်း ပခုက္ကူခရိုင်ထဲက တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဆီ တာဝန်ထမ်းဆောင်ဖို့ ဝင်ရောက်လာသူ ၄ ဦးရဲ့ ကိုယ်ရေးအချက်အလက်တွေကို စိစစ်ချိန် အသက် ၁၈ နှစ် မပြည့်သေးတာကြောင့် သက်ဆိုင်ရာမိဘတွေဆီ ပြန်လည်အပ်နှံခဲ့တယ်လို့ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။
အခုဇွန် ၂၀ ရက်က မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ကနေ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှာ တာဝန်ထမ်းဆောင်ဖို့ အွန်လိုင်းကနေတဆင့် ပခုက္ကူခရိုင် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဆီ ဆက်သွယ်ဝင်ရောက်လာတာဖြစ်ပြီး အချက်အလက်စိစစ်ချိန် အသက် ၁၈ နှစ် မပြည့်သေးတာကြောင့် မိဘတွေထံ ပြန်လည်အပ်နှံခဲ့တာလည်း ဖြစ်ပါတယ်။
“အွန်လိုင်းကနေ ချိတ်ဆက်ဝင်ရောက်သွားတာမျိုးပါ။ အဖွဲ့အစည်းဆီရောက်ပြီး သေချာစိစစ်မှ အသက်မပြည့်တာကို သိရတာပါ။ ဒါကြောင့် ကျွန်တော်တို့ကို ချိတ်ဆက်လာတာပါ။ ကျွန်တော်တို့ကမှ မိသားစုထံ ပြန်လည်အပ်နှံပေးခဲ့တာပါ။ စစ်သင်တန်းလုံးဝ မတက်ရောက်ကသေးပါဘူး” လို့ မြင်းခြံခရိုင်ပကဖ တာဝန်ရှိသူတစ်ဦးက Burma VJ ကို ပြောပါတယ်။
ပခုက္ကူခရိုင် တော်လှန်ရေးအဖွဲ့အစည်းထံ ဝင်ရောက်လာတဲ့ အသက်မပြည့်သေးတဲ့ ကလေးတွေကို မိဘတွေထံ ပြန်လည်အပ်နှံဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းက မြင်းခြံခရိုင်ပကဖထံ ဇွန် ၂၆ ရက်မှာ ဆက်သွယ်လာတာလည်းဖြစ်ပြီး ဇွန် ၂၇ ရက်မှာ မိဘတွေထံ ပြန်လည်အပ်နှံနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒေသတွင်း PDF တပ်ဖွဲ့တွေထံ တာဝန်ထမ်းဆောင်ဖို့ ဝင်ရောက်လာတဲ့သူတွေကို အချက်အလက်စိစစ်ချိန် အသက် ၁၈ နှစ်မပြည့်သေးတာကြောင့် မိဘတွေထံ ပြန်လည်အပ်နှံခဲ့တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကလည်း မိသားစုရဲ့ လုံခြုံရေးအခြေအနေကြောင့် သတင်းမထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ မြင်းခြံခရိုင် ပကဖက ထပ်ဖြည့်ပြောပါတယ်။
မြင်းခြံခရိုင်ပကဖအနေနဲ့ ပြည်သူနဲ့တသားထဲရှိသလို တပ်သားသစ်လက်ခံချိန်နဲ့ တော်လှန်ရေးကာလအတွင်း လုပ်ဆောင်မှုတွေကို ဂျီနီဗာကွန်ဗင်းရှင်းအတိုင်း လိုက်နာဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် PDF တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်လိုသူတွေအနေနဲ့ အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမှာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူတစ်ဦးဖြစ်ရမယ့်အပြင် ရာဇဝတ်မှုကင်းရှင်းသူတစ်ဦးလည်းဖြစ်ဖို့လိုအပ်လို့လည်း သိရပါတယ်။







Comments