top of page

စစ်တပ်စစ်ကြောရေးမှာ NLD အမတ်တစ်ဦး သေဆုံး

  • Writer: BVJ
    BVJ
  • Jun 5, 2025
  • 1 min read

သေဆုံးသူ လွှတ်တော်ကိုယ်စားလှယ် ၂၇ ဦးထိရှိလာ


BVJ/ထက်အောင် _ ဇွန် ၅ ၊ ၂၀၂၅


NLD ပါတီဝင် ရွာငံမဲဆန္ဒနယ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း
NLD ပါတီဝင် ရွာငံမဲဆန္ဒနယ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၇ ဦးဟာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ အကြမ်းဖက်မှုတွေနဲ့ ဆေးဝါးကုသမှု အလုံအလောက်မရရှိမှုတွေကြောင့် သေဆုံးခဲ့ရတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က မနေ့က ဇွန် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရွာငံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းကို စစ်ကောင်စီ ၂၀၂၄ ဒီဇင်ဘာလအတွင်း ဖမ်းဆီးခဲ့ပြီးနောက် စစ်ကြောရေးမှာသေဆုံးခဲ့တာဖြစ်တယ်လို့ CRPH က ဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ညှင်းပန်းနှိပ်စက်မှု၊ ထောင်တွင်း ဆေးဝါးကုသခွင့် အလုံအလောက်ရှမှုတို့ကြောင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် သုံးဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။


စစ်ကောင်စီရဲ့ အကြမ်းဖက်နှိပ်စက်မှုနဲ့ ဖမ်းဆီးမှုတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရတဲ့သူတွေထဲက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးနဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးတို့ဟာလည်း ဆေးဝါးကုသမှုမရရှိခဲ့တာကြောင့် သေဆုံးခဲ့ရတယ်လို့ CRPH က ဖော်ပြထားပါတယ်။



ဒါ့အပြင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေအတွက် စိုးရိမ်ပူပန်မိပြီး လက်ရှိအချိန်ထိ စစ်ကောင်စီဖမ်းဆီးထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးနဲ့ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၄၁ ဦးအထိရှိနေတယ်လို့လည်း ဆိုပါတယ်။


စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်နေမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ တရားလက်လွန်သတ်ဖြတ်မှုတွေအပေါ် CPRH က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီး စစ်ကောင်စီကြောင့် သေဆုံးခဲ့ရသူတွေအတွက် စစ်ကောင်စီမှာ အပြည့်အဝတာဝန်ရှိတယ်လို့ ဆိုပါတယ်။


၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကြောင့် သေဆုံးခဲ့ရသူ ၆၇၇၂ ဦးအထိရှိခဲ့ပြီး လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူ ၂၂၀၈၇ ဦးအထိရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း ထုတ်ပြန်ထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page