top of page

ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲဖမ်းမိစစ်သုံ့ပန်းတွေထဲတွင် ဆယ်ကျော်သက်ကလေးအပါအဝင် ပေါ်တာဆွဲ စစ်မှုထမ်းပို့ခံရသူတွေ ပါဝင်

  • Writer: BVJ
    BVJ
  • Jun 24
  • 1 min read

BVJ/မိုနာ_ ဇွန် ၂၄၊ ၂၀၂၅

ree

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAက စစ်သုံးပန်းလေးဦးဖမ်းမိပြီး အဲ့ဒီထဲမှာ ပေါ်တာဆွဲခံရပြီး အဓမ္မစစ်မှုထမ်းပို့ခံရသူ သုံးဦးပါဝင်တယ်လို့ PLAရဲ့ မနေ့က ဇွန်၂၃ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။


စခန်းသိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရလိုက်ရသူတွေထဲမှာ မောင်နေထက်လင်း၊ ကိုစိုးတာ၊ ကိုရဲကျော်ကျော်တို့သုံးဦးဟာ ပေါ်တာဆွဲခံရကာစစ်မှုထမ်းပို့ခံထားရသူတွေဖြစ်ပြီး နောက်ထပ်ဖမ်းဆီးမိသူတစ်ဦးကတော့ ရဲအရာခံဗိုလ် ရှိမ်းကိုကိုကျော်ဖြစ်တယ်လို့ သိရပါတယ်။


အဲ့ဒီထဲမှာ မောင်နေထက်လင်းဟာ အသက် ၁၅နှစ်သာရှိသေးသူတစ်ဦးဖြစ်ပြီး သူပေါ်တာဆွဲခံခဲ့ရတဲ့ အကြောင်းကို အခုလိုပြောပြပါတယ်။


“စစ်ထဲကိုရောက်လာတာက ရန်ကုန်မှာအကင်ရောင်းနေရင်းနဲ့ ပေါ်တာနဲ့မိတာပါ သားက ၁၅နှစ်ပဲရှိသေးတယ်။ ပြီးတော့သင်တန်းကျောင်းကိုပို့တယ်၊ တောင်တွင်းကြီး စကဒ ၇ကို။ အဲ့ဒီမှာ သင်တန်း ၅လတက်ပြီးတော့ သင်တန်းဆင်းပြီးတော့ မွမ်းမံနှစ်ပါတ်တက်ရတယ်။မွမ်းမံတက်ပြီး နှစ်လလောက်နေပြီးတော့ တပ်ရင်းကလာခေါ်တယ်။ လာခေါ်ပြီး ၁ရက်လောက်နေပြီးတော့ ဂျက်လေယာဉ်နဲ့ အင်မထီးရွာကိုပို့တာ။ အင်မထီးရွာကနေ လက်နက်ခဲယမ်းတွေပေးပြီးတော့ တပ်စိတ်ခွဲပြီး စစ်ကြောင်းထိုးတယ်။ ထိုးပြီး ဗန်ကာထဲမှာနေရာယူခိုင်းတယ်။ ပြီးတော့တိုက်ပွဲဖြစ်ပြီး ထိတာတွေများလာတော့ သူတို့ကပြန်ဆုတ်သွားကြတယ်။ အိပ်ပျော်ကျန်ခဲ့တာကိုမနှိုးသွားကြဘူး သူတို့ကပြန်ဆုတ်သွားတာ။ ပြီးတော့ PLAအဖွဲ့ကြီးက ဝင်လာပြီးတော့ ပြုစုစောင့်ရှောက်ပေးထားတာ” လို့ ပြောပါတယ်။


ကိုစိုးတာကလည်း “ရန်ကုန်အဝေးပြင်းကွင်းကနေ ပေါ်တာဆွဲခံရပြီး ပင်လောင်းကို ရောက်သွားတယ်။ သင်တန်း ၅လနဲ့တပါတ်တက်ပြီး ပခုက္ကူလက်အောက်ခံ ၁၀၁မှာ မွမ်းမံတက်ရတယ်။ အဲကနေ ၂၅၅တပ်ရင်းကိုရောက်သွားပြီး ၂လခွဲလောက်နေရပြီး လှုပ်ရှားထွက်ရတယ်။ အဲ့လှုပ်ရှား ဂါလံငါးသောင်းဘူးရွာကနေတဆင့် စစ်ကူဆိုပြီးတော့ ကျနော်တို့လေယာဉ်နဲ့သွားရပါတယ် အင်မထီးရွာကို သုံးစီးသွားရတာ။ အဲ့ကနေညနေစောင်းရောက်တော့ လက်နက်ခဲယမ်းလူတွေဘာတွေ ခွဲပြီးတော့ ညတွင်းချင်းထွက်ရတယ်။ ၂ရက် ၃ရက်လောက်နေတော့ တိုက်ပွဲကအကြီးအကျယ်ဖြစ်တော့ ဘယ်လိုမှဆက်တိုက်လို့မရတာတော့ဘူး။ အဲ့ကနေ အကြီးအကဲတွေက ဆုတ်မယ် ဆုတ်မယ်နဲ့ ပြန်ဆုတ်တယ်။ ကျနောက်က မဆုတ်ခင် တရက်လောက်အလိုမှာ ရင်ဘတ်မှာဒဏ်ရာရထားပါတယ်။ ညတွင်းချင်း ၁၁ခွဲလောက်ဆုတ်ရင်း ဆုတ်ရင်းနဲ့ လူနာတွေက ကျန်ခဲ့တာတွေလည်းရှိတယ်။ ကျနော်ကတော့ ကန်သင်းဘောင်ပေါ် မှာ အမောဖောက်ကျန်ခဲ့တာပါ။ PDFကရဲဘော်တွေက ဖမ်းဆီးထိန်းသိမ်းပြီး ဆေးကုသပေးထားခြင်းဖြစ်ပါတယ်”လို့ ပြောပါတယ်။



ကိုရဲကျော်ကျော်ကလည်း ရကသ ၁မှာ သင်တန်းတစ်လခွဲတက်ရပြီး အမှတ်၉ တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်းမှာ ၁၄ရက်မွန်မံသင်တန်းတက်ခဲ့ရကြောင်းနဲ့ အဲ့ဒီနောက်အင်မထီးရွာကိုလေယာဉ်နဲ့လာခဲ့ရပြီး လူတွေဖြန့်ခွဲကာ ချက်ချင်းထွက်ခဲ့ရကြောင်းပြောပါတယ်။


“ကျနော်တို့တာဝန်ကတော့ RPGဗုံးသီးရယ်၊နင်းမိုင်းအသေးလေးတွေ သွားပို့မယ်၊ ပို့ပြီးရင် ဟိုကတပ်ပြောင်းမယ့် စစ်သည်တွေကို ပြန်ခေါ်ဖို့ပါ။... ပြီးတော့ စခန်းကိုသွားဖို့အတွက် ပွိုင့်အဖွဲ့နဲ့ကျနော် တာဝန်ကျပါတယ် ပြည်သူ့စစ် ၁၀ယောက်နဲ့။ ထွက်လာကြပြီး ထန်းတောထဲမှာတညအိပ်တယ်၊ ပြီးတော့ထိတွေ့တိုက်ပွဲဖြစ်ပြီး ပစ(ပြည်သူ့စစ်) သုံး‌ယောက်ကျတယ်။ ကျနော်ကတော့ သေပြီးဆိုပြီး ထားခဲ့တာ လည်ပင်းကနေဖောက်ထွက်သွားတာ။ PLAစစ်သည်တွေနဲ့တွေ့ပြီးတော့ ကျနော်ကိုဆေးကုသပေးတာ”လို့ ကိုရဲကျော်ကျော်က ပြောပါတယ်။


ဖမ်းမိစစ်သုံ့ပန်းတွေရဲ့ ပြောဆိုချက်အရ စစ်ကောင်စီတပ်ဖွဲ့တွေဟာစခန်းကနေဆုတ်ခွာချိန်မှာ တိုက်ပွဲအတွင်းဒဏ်ရာရသူတွေနဲ့ တပ်ဖွဲ့ဝင်တွေကို ခေါ်ယူတာမရှိဘဲ ထားခဲ့တာဖြစ်ပါတယ်။


ဒါ့အပြင် အဓမ္မဖမ်းဆီးပေါ်တာဆွဲခေါ် လာတဲ့ စစ်မှုထမ်းတွေကိုလည်း လပိုင်းအတွင်း စစ်ကြောင်းထိုး၊ ရှေ့တန်းစစ်မြေပြင်ပို့တာတွေကိုလည်း လုပ်ဆောင်သလို ကလေးစစ်သားတွေကိုလည်း စစ်ပွဲအတွင်းအသုံးပြုတာကို ဖမ်းမိစစ်သုံ့ပန်းတွေရဲ့ထွက်ဆိုချက်အရ သိရပါတယ်။


ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲကို PLAနဲ့မဟာမိတ်တပ်ဖွဲ့တွေက ၁၈ရက်ကြာတိုက်ခိုက်ပြီး အခုလ ၁၉ရက် မနက်အစောပိုင်းမှာသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့လေယာဉ်တစင်းကိုလည်း ပစ်ချနိုင်ခဲ့ပါသေးတယ်။


ကန်ဒေါင့်ရဲစခန်းဟာ အချက်အချာကျတဲ့ အာဆီယံလမ်းမကြီး (ပုလဲ -ဂန့်ဂေါ လမ်းပိုင်းပေါ်)မှာတည်ရှိပြီး အိန္ဒိယနိုင်ငံအထိ သွားလာနိုင်တဲ့လမ်းကြောင်းဖြစ်တာကြောင့် မဟာဗျူဟာအရ အလွန်အရေးပါသောနေရာဖြစ်သလို ကန့်ဒေါင့်ကနေ အနောက်မြောက်ဖက် မိုင် ၃၀ ကျော်အကွာမှာ စစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၃) တည်ရှိပြီး အနောက်တောင်ဖက် ၃၅ မိုင်ခန့်တွင် (ကပစ ၂၄) တည်ရှိတယ်လို့ သိရပါတယ်။


ကန့်ဒေါင့်ရဲစခန်းဟာ ပုလဲမြို့မရဲစခန်းပြီးရင် ဒုတိယအကြီးဆုံးရဲစခန်းဖြစ်ပြီး ဘန်ကာတွေ၊ မိုင်းကွင်းတွေ၊ ကတုပ်ကျင်းတွေနဲ့ခံစစ်အထပ်ထပ်ပြင်ထားတဲ့ တပ်စခန်းတခုဖြစ်တာကြောင့် စခန်းကိုတိုက်ခိုက်ချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ် (၂၀၀) ကျော်နဲ့ ဗုံးသီးအလုံးရေ (၅၀၀)ကျော်ကြဲချခဲ့တယ်လို့ PLAက ဖော်ပြပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page