နယ်စပ်ရှိ ထီးကပလယ်တပ်စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ပြီလို့ KNUကြေညာ
- BVJ

- Jun 23, 2025
- 1 min read
BVJ/ယူဂရင်း_ ဇွန် ၂၃ ၊ ၂၀၂၅

ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ထီးကပလယ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပူးပေါင်းတပ်တွေက ပြန်လည်သိမ်းပိုက်လိုက်ပြီလို့ KNUက ဒီနေ့ မနက်ပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) တို့ ဦးဆောင်မှုနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF)ပူးပေါင်းတပ်ဖွဲ့တွေက မနေ့က ဇွန် ၂၂ရက် မှာပြန်လည်သိမ်းပိုက်ရယူနိုင်ခဲ့တာလို့ သိရပါတယ်။
KNUထုတ်ပြန်ချက်အရ မာနယ်ပလောဌာနချုပ်ကနေဆုတ်ခွာရပြီးနောက် ထီးကပလယ်စခန်းကို ၁၉၉၅ ခုနှစ် မေလကစတင်ပြီး ကေအဲန်ယူဌာနချုပ်သစ်အဖြစ် ပြောင်းရွှေ့ တည်ထောင်ခဲ့ပေမယ့် (၂)နှစ်မပြည့်မီ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်(မြန်မာ့တပ်မတော်)ကနေ ထပ်မံကျူးကျော် တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး အခု (၂၈)နှစ်အကြာမှာ ကရင်ပူးပေါင်းတပ်တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်ရှိ ထီးကပလယ်တပ်စခန်းကို KNLA, KNDOနဲ့ PDFပူးပေါင်းတပ်တွေက နှစ်ပတ်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းသတင်းဌာန Khaosod မှာလည်း ဖော်ြပပါတယ်။




Comments