နိုင်ငံသားတွေလုံခြုံရေးအတွက် မြန်မာအပါအဝင် ၁၂ နိုင်ငံကို အမေရိကန်ပြည်ဝင်ခွင့်ပိတ်
- BVJ

- Jun 5
- 1 min read
BVJ/ယူဂရင်း_ ဇွန် ၅၊ ၂၀၂၅

အမေရိကန်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးနဲ့ပြည်သူ့လုံခြုံရေးအန္တရာယ်တွေက ကာကွယ်ဖို့အတွက်ဆိုပြီး မြန်မာ(ဗမာ)အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကို အမေရိကန်နိုင်ငံထဲ ခရီးသွားလာဝင်ရောက်ခွင့် တားမြစ်လိုက်ပါတယ်။
မြန်မာ၊ အာဖဂန်၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ယီမင်၊ ကွန်ဂို၊ ချက်ဒ်၊ အီကွေတိုးရီးယဲလ်ဂီနီယာ၊ အီရီသရီးယား နဲ့ ဟေတီနိုင်ငံတို့ကနိုင်ငံသားတွေအနေနဲ့ အမေရိကန်ကို ဝင်ရောက်ခွင့်ကန့်သတ်ပိတ်ပင်လိုက်တာဖြစ်ပြီး အကြမ်းဖက်မှုမှာနာမည်ကြီးတဲ့ နိုင်ငံတွေနဲ့အတူ မြန်မာနိုင်ငံကိုပါ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။
အဲ့ဒီပိတ်ပင်ကန့်သတ်တားမြစ်တဲ့အမိန့်ကို အမေရိကန်သမ္မတ ထရမ့်က ဒီနေ့မှာ လက်မှတ်ရေးထိုးလိုက်ကြောင်း အိမ်ဖြူတော်က ကြေညာထားပါတယ်။
ဒါဟာ အမေရိကန်ပြည်သူတွေကို အန္တရာယ်ရှိတဲ့နိုင်ငံခြားသားတွေရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်ပေးသွားမယ်ဆိုတဲ့ ထရမ့်ရဲ့ရွေးကောက်ပွဲအကြိုကတိကဝတ်ကို ဖြည့်ဆည်းလိုက်တာလည်း ဖြစ်သလို ကော်လိုရာဒို ပြည်နယ်၊ ဘိုလ်ဒါမြို့ထဲက အစ္စရေးထောက်ခံတဲ့ ဆန္ဒပြချီတက်ပွဲကို မီးလောင်ဗုံးနဲ့ တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာ အခုကြေညာချက်ကိုလက်မှတ်ရေးထိုးဖို့ ထရန့်ကဆုံးဖြတ်တာဖြစ်တယ်လို့လည်း အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောထားကြောင်း CNN သတင်းက ဖော်ပြပါတယ်။
ကြေညာချက်အရတော့ အမေရိကန်မှာ ဥပဒေနဲ့အညီရှိနေတဲ့ အမြဲတမ်းနေထိုင်သူတွေ၊ သက်တမ်းမကုန်သေးတဲ့ ဗီဇာကိုင်ဆောင်ထားသူတွေ၊ အချို့ဗီဇာအမျိုးအစား ကိုင်ဆောင်သူတွေနဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားအတွက် အကူအညီပေးဖို့ရောက်ရှိနေသူတွေကိုတော့ ကင်းလွတ်ခွင့်ပေးသွားမယ်လို့ သိရပါတယ်။
အမေရိကန်ကို ဝင်ရောက်မှုကန့်သတ်ပိတ်ပင်လိုက်တဲ့နိုင်ငံတွေထဲမှာ ကျူးဘား၊ လာအိုနဲ့ ဗန်နီဇွဲလားတို့လည်း တစိတ်တပိုင်းပါဝင်ပါတယ်။







Comments