top of page

ထိုင်း-ကမ္ဘောဒီးယားနှစ်နိုင်ငံနယ်စပ် တင်းမာမှုလျော့ကျပြီး ကမ္ဘောဒီးယားတပ်တွေ ပြန်ဆုတ်သွား

  • Writer: BVJ
    BVJ
  • Jun 9, 2025
  • 1 min read

BVJ/အိုင်းရစ် _ ဇွန် ၉ ၊ ၂၀၂၅

Photo: The Khmer Times
Photo: The Khmer Times

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်အငြင်းပွားမှုကိစ္စနဲ့ပတ်သက်ပြီး စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နယ်စပ်တင်းမာမှုအခြေအနေကို လျှော့ချနိုင်ခဲ့ကာ စစ်ရေးတင်းမာမှုကိုလည်း ရှောင်လွှဲနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ဇွန် ၉ ရက် မနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။


နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှု သဘောတူညီချက်တွေနဲ့ပတ်သက်ပြီး ဒီနေ့နေ့လယ်ပိုင်းမှာ ထုတ်ပြန်ဖို့ရှိနေတယ်လို့လည်းသိရပြီး တင်းမာမှုဖြစ်ပေါ်နေတဲ့ နှစ်နိုင်ငံနယ်စပ်နေရာက တပ်တွေလည်း ပြန်ဆုတ်သွားပြီဖြစ်တယ်လို့ ကမ္ဘောဒီးယားသတင်းဌာန Khmer Times က ဖော်ပြထားပါတယ်။


နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာထိပ်တန်းတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ကမ္ဘောဒီးယားစစ်တပ်တွေ လက်ရှိအငြင်းပွားနေရာကနေ ပြန်လည်ဆုတ်ခွာသွားပြီလို့ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Winthai Suwaree က အတည်ပြုပြောကြားခဲ့ကြောင်း ထိုင်းသတင်းဌာန ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။ ဒါ့အပြင် အငြင်းပွားနေရာတွေမှာ ကမ္ဘောဒီးယားစစ်တပ် တူးထားတဲ့ ကတုတ်ကျင်းတူးတွေကိုလည်း မြေပြန်ဖို့ကာ နဂိုပုံမှန်အတိုင်း ပြန်ထားပေးဖို့ကိုလည်း ကမ္ဘောဒီးယားစစ်တပ်က သဘောတူခဲ့တယ်လို့ Winthai Suwaree က ဖြည့်စွက်ပြောပါတယ်။


နှစ်နိုင်ငံအငြင်းပွားမှုဖြစ်ပွားနေချိန် နယ်စပ်တစ်လျှောက်မှာရှိတဲ့ နယ်စပ်ဖြတ်သန်းဂိတ်တွေကို ထိုင်းဘက်က ပိတ်ပင်တာ၊ နယ်စပ်နေရာတွေကို အင်တာနက်ဖြတ်တောက်တာ စတဲ့ဖိအားပေးမှုတွေကိုလည်း ထိုင်းဘက်က တိုးမြှင့်လုပ်ဆောင်ခဲ့ပါသေးတယ်။


နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တပ်ဖြန့်နေရာချထားမှုအခြေအနေကို ညှိနှိုင်းဆောင်ရွက်တာဟာ နှစ်ဖက်စစ်ရေးတင်းမာမှုကို တားဆီးနိုင်ဖို့အတွက် လိုအပ်ကြောင်း လွှတ်တော်ဥက္ကဌ ဟွန်ဆန်ကလည်း သူ့ရဲ့လူမှုကွန်ရက် Facebook Page မှာ ရေးသားဖော်ပြထားပါတယ်။ ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံလုံးအနေနဲ့ ပဋိပက္ခတွေကိုမလိုလားဘဲ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုသာ အလိုရှိကြတာဖြစ်တယ်လို့လည်း သူက မှတ်ချက်ပြုရေးသားထားပါတယ်။


ပြီးခဲ့တဲ့ မေ ၂၈ ရက် မနက်ပိုင်းက ထိုင်းနယ်စပ် အူဘွန်ရတ်ချာထာနီခရိုင် Chong Bok ဒေသမှာ ထိုင်း-ကမ္ဘောဒီးယား နှစ်ဖက်စစ်တပ် နယ်မြေအငြင်းပွားမှုဖြစ်ပွားခဲ့ပြီး ထိုင်းစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကမ္ဘောဒီးယားစစ်သားတစ်ဦး သေဆုံးခဲ့ရာက နှစ်ဖက်စစ်ရေးတင်းမာမှု မြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page