top of page

ပုလောမြို့နယ် ကျောက္ကာရွာက ပျူစောထီးတပ်စခန်းကို မြိတ်ခရိုင်ပူးပေါင်းတပ်တွေ သိမ်းယူ

  • Writer: BVJ
    BVJ
  • Jun 27
  • 1 min read

BVJ _ ဇွန် ၂၇ ၊ ၂၀၂၅

ree

တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောက္ကာရွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတပ်စခန်းကို မြိတ်ခရိုင် ပူးပေါင်းတပ်တွေက ဒီနေ့ ဇွန် ၂၇ ရက်မှာ သိမ်းယူနိုင်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ သတင်းပြန်ကြားရေးတာဝန်ရှိသူထံက သိရပါတယ်။


ဒီနေ့ မနက် ၅ နာရီခွဲဝန်းကျင်မှာ ကျောက္ကာရွာက ပျူစောထီးအထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း ၇ နဲ့ မဟာမိတ်တပ်ပေါင်းစုတို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့တယ်လို့လည်း သိရပါတယ်။


“ကျောက္ကာရွာက ပင်လယ်ကျွန်းရွာလေး၊ အရင်တုန်းကတော့ ကျောက္ကာရွာ ပင်လယ်ပြင်ထဲမှာ စစ်သင်္ဘော ၂ စီး၊ ၃ စီး အမြဲလိုလိုရှိတယ်။ ကျွန်တော်တို့ သွားတိုက်တဲ့နေ့မှာတော့ ရှိမနေဘူး။ အဲ့မှာက ပျူအင်အား ၁၀ ဦးဝန်းကျင်လောက်ပဲ ရှိတာ” လို့ မြိတ်ခရိုင် တပ်ရင်း ၁ သတင်းပြန်ကြားရေးတာဝန်ခံ ကိုကောင်းခန့်ကျော်က Burma VJ ကို ပြောပါတယ်။



တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၃ ဦး သေဆုံးခဲ့ပြီး ကျန်ပျူစောထီးအဖွဲ့ဝင်တွေက စခန်းစွန့်ခွာထွက်ပြေးကြတယ်လို့လည်း သိရပါတယ်။ စစ်ဆင်ရေးအတွင်း စစ်ကောင်စီထံက M16A1 ရိုင်ဖယ် (၄) လက်နဲ့ ကျည်ဘောက် (၂) ခု၊ AK-47 ရိုင်ဖယ် (၁) လက်နဲ့ ကျည်ဘောက် (၄) ခု၊ ၅.၅၆ ကျည် (၁ဝဝဝ) တောင့်၊ ၇.၆၂ ကျည် (၁၃၈) တောင့်၊ လက်ပစ်ဗုံး (၂) လုံးနဲ့ အခြား စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ မေလ ၉ ရက်ကလည်း ပုလောမြို့နယ် တောင်ယာကမ်းရွာရှိတဲ့ ပုလောမြို့မရဲစခန်းကို မြိတ်ခရိုင်တပ်ရင်း ၁ က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ် ၁ ဦး၊ ရဲတပ်သား ၁ ဦးတို့ သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပါသေးတယ်။


အခု ဇွန်လအတွင်းကလည်း ပုလောမြို့နယ် ပလောက်မြို့ အမှတ် ၁၂ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တိုင်းဗဟို ၁၂) မှာ စစ်မှုထမ်းအပတ်စဉ် ၁၁ အတွက် အဓမ္မတပ်သားသစ် စုဆောင်းခေါ်ဆောင်ခံထားရသူ ၄ ဦး သင်တန်းကျောင်းကနေ ထွက်ပြေးလာပြီး မြိတ်ခရိုင် တပ်ရင်း ၁ ထံ ဝင်ရောက်ခိုလှုံခဲ့ပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page