တောပုရွာနား မိနစ်နှစ်ဆယ်ပစ်ခတ်မှုအတွင်း သုံးပွင့်ဗိုလ်အပါအဝင် သုံးဦးသေဆုံး
- BVJ

- Jun 18
- 1 min read
BVJ/ဇော်_ဇွန် ၁၈ ၊ ၂၀၂၅

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တောပု(ပျူ)ရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဗိုလ်တစ်ဦးအပါအဝင် (၃) ဦးသေဆုံးပြီး လက်နက် ငါးလက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Brave Heart Army (BHA) က ဒီနေ့ ဇွန်လ ၁၈ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဇွန်လ ၁၆ ရက်နေ့က ချောင်းဦးထွေအုပ်ရုံးကနေ ထွက်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတို့ မောင်းနှင်လာတဲ့ ကားကို ည ၁၁ နာရီခွဲ ဝန်းကျင် မုံရွာ-မန္တလေးလမ်းပိုင်းမှာ BHA တပ်ဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဗိုလ်အပါအဝင်(၃) ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
“မုံရွာကို သွားနေတာပါ။ ၃ ကောင်သေတဲ့ထဲ ၃ပွင့် ဗိုလ်တစ်ယောက်ပါတယ်။ အပြန်အလှန်ပစ်ခတ်မှု ကြာချိန်စဆုံးမိနစ် ၂၀ ဝန်းကျင်ပါပဲဗျ။ မီးရှို့ဖျက်စီးတာရော အပါအဝင်ပေါ့။ ဖမ်းဆီးရရှိတာတော့မရှိပါဘူး။ ညဘက်ဆိုတော့။ ကျွန်တော်တို့ ပြန်ဆုတ်ခွာပြီးတဲ့နောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကူရောက်လာပါတယ်။” လို့ Brave Heart Army မှ တာဝန်ရှိသူတစ်ဦးက Burma VJ ကိုပြောပါတယ်။
တိုက်ခိုက်မှုကနေ MA 1 တစ်လက်၊ ပါရီ တစ်လက်၊ MA 5 တစ်လက်၊ M9 တစ်လက်၊ Sig Batter တစ်လက် စုစုပေါင်း ၅ လက် နဲ့ ဖုန်း (၃) လုံး သိမ်းဆည်းရရှိခဲ့တယ်လို့လည်း BHA မှ တာဝန်ရှိသူက ဆက်လက်ပြောပါတယ်။
Brave Heart Army (BHA) က မုံရွာအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး အခု ဇွန်လ ၁၂ ရက်နေ့မှာလည်း စစ်ကိုင်းတပ်မ ၃၃ ကနေထွက်လာတဲ့ စစ်ကောင်စီကားတွေကို Golden Target Force (GTF), Chindwin Fighter Group (CGF) တပ်ဖွဲ့တို့နဲ့အတူပူးပေါင်းကာ မုံရွာ-မန္တလေးကားလမ်းမကြီး မအူဂိတ်အနီးမှာ မိုင်းဆွဲ၊လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့ပါသေးတယ်။







Comments