ထိုင်းနိုင်ငံထဲက ကမ္ဘောဒီးယားလုပ်သားတွေကို အတင်းအကျပ်ပြန်ပို့တာမျိုးမလုပ်ဘူးလို့ ပေထုန်တန် ပြော
- BVJ

- Jun 16, 2025
- 1 min read
BVJ/Moore _ ဇွန် ၁၅ ၊ ၂၀၂၅

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်တင်းမာမှုဖြစ်ပွားချိန် နိုင်ငံတွင်းမှာရှိနေတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို အတင်းအကျပ်ပြန်ပို့တာမျိုး လုပ်ဆောင်မှာမဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်က ဒီနေ့ ဇွန် ၁၅ ရက် မှာ ပြောကြားလာပါတယ်။
နိုင်ငံခြားသားအလုပ်သမားတွေကို အတင်းအကျပ်ပြန်ပို့တာ၊ နိုင်ငံတွင်းကနေ အတင်းအကျပ် ထွက်ခွာစေဖို့ ဆုံးဖြတ်စေတာမျိုးတွေကို ထိုင်းအစိုးရအနေနဲ့ လုပ်ဆောင်မှာမဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ်က သူ့ရဲ့လူမှုကွန်ရက်စာ Facebook နဲ့ X (Twitter) စာမျက်နှာမှာ ရေးသားထားပါတယ်။
တကယ်လို့ သက်ဆိုင်ရာနိုင်ငံတွေက သူတို့နိုင်ငံသားကို နိုင်ငံတွင်းမှာ အလုပ်လုပ်ဖို့ ပြန်ခေါ်တာမျိုးဆိုရင်တော့ ကာယကံရှင်တွေအနေနဲ့ သူတို့ရဲ့အခွင့်အလမ်းအတွက် လွတ်လပ်စွာ ဆုံးဖြတ်နိုင်ပါတယ်” လို့ ပေထုန်တန်က ဆိုပါတယ်။
နှစ်နိုင်ငံနယ်စပ်တင်းမာနေချိန် ထိုင်းအလုပ်သမားဝန်ကြီးကလည်း ကမ္ဘောဒီးယားနိုင်ငံသားတွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းအတွက် စိတ်ပူစရာမလိုကြောင်းနဲ့ နိုင်ငံတွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း သောင်းနဲ့ချီရှိတယ်လို့ဆိုထားပြီး အထူးသဖြင့် ထိုင်းနိုင်ငံထဲရောက်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေအတွက် အခွင့်အလမ်းတွေ စောင့်ဆိုင်းနေတယ်လို့ ပြောကြားထားပါတယ်။
ကမ္ဘောဒီးယားနိုင်ငံတွင်း စက်ရုံအလုပ်ရုံတွေမှာ အလုပ်သမားလိုအပ်ချက်တွေရှိနေပြီး ထိုင်းနိုင်ငံထဲရောက်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေကိုလည်း ပြန်လည်ခေါ်ယူနိုင်တယ်လို့လည်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါသေးတယ်။
ထိုင်းနိုင်ငံတွင်းက ပြန်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေအတွက် အစိုးရအနေနဲ့လည်း နယ်စပ်ဂိတ်တွေမှာ ကားတွေစီစဉ်ပေးထားပြီး အိမ်ပြန်လာချင်တဲ့ ဘယ်သူ့ကိုမဆို ပြန်ပို့ပေးဖို့ စီစဉ်ထားတယ်လို့လည်း Phom Penh အစိုးရအဖွဲ့ကလည်း ဆိုပါတယ်။
လက်ရှိနှစ်နိုင်ငံနယ်စပ်အရေး တင်းမာမှုတွေနဲ့ပတ်သက်ပြီး ဖြေရှင်းနိုင်ဖို့အတွက် ထိုင်း-ကမ္ဘောဒီးယားနှစ်နိုင်ငံ နယ်စပ်ရေးရာ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေတာတွေလည်း ရှိနေပါတယ်။
Ref: Bangkok Post, Khmer Times




Comments