စစ်ကောင်စီ ဗိုလ်ကြီး ၂ ဦး ပုဂံဗိုလ်ချိုအဖွဲ့ရဲ့ ဖမ်းဆီးခံရပြီး ညောင်ဦးပကဖအဖွဲ့ လက်ထဲရောက်နေ
- BVJ

- Jun 8, 2025
- 1 min read
BVJ/ထက်အောင် _ ဇွန် ၈ ၊ ၂၀၂၅

မန္တလေးတိုင်း ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး-ချောက်လမ်းပိုင်းမှာ လုံခြုံရေးစစ်ဆေးမှုတွေ လုပ်ဆောင်နေချိန် စစ်ကောင်စီဗိုလ်ကြီး ၂ ဦး ကို ဖမ်းဆီးရမိခဲ့တယ်လို့ Bagan Bo Cho PDF က မနေ့ ဇွန် ၇ ရက်က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၀ ရက် မနက် ၁၀ နာရီဝန်းကျင်က ပုဂံ-ညောင်ဦး-ချောက်လမ်းပိုင်းမှာ Bagan Bo Cho PDF အဖွဲ့က လမ်းပိုင်းလုံခြုံရေးစစ်ဆေးနေချိန် စစ်ကောင်စီ ဗိုလ်ကြီး ညီညီမျိုးဆွေနဲ့ ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
“သူတို့ကို စစ်ဆေးလိုက်တာနဲ့ စကစလက်အောက်က လူတွေလို့ သိရတာပါ။ ခုခံတာတော့ မလုပ်ပါဘူး။ သက်သေခံကဒ်တွေကို သိမ်းဆည်းရမိပေမဲ့ လက်နက်တော့ မပါလာပါဘူး” လို့ Bagan Bo Cho PDF တာဝန်ရှိသူတစ်ဦးကလည်း Burma VJ ကို ပြောပါတယ်။
Bagan Bo Cho အဖွဲ့က ဖမ်းဆီးရမိတဲ့ စစ်ဗိုလ်ကြီးနှစ်ဦးဟာ ကျန်းမာရေးနဲ့ ရောဂါနှိမ်နင်းရေးတပ် (ကရတ) လို့သိရပြီး အရပ်ဝတ်နဲ့ နေပြည်တော်ကနေ ချောက်၊ ရေနံချောင်းဘက်ကို အိမ်စီးကားနဲ့ မောင်းနှင်လာတာဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိထားတဲ့ ဗိုလ်ကြီး ၂ ဦးကို ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ လွှဲပြောင်းပေးထားတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်ကလည်း ပုဂံ-ညောင်ဦး-ချောက်လမ်းပိုင်းမှာ Bagan Bo Cho အဖွဲ့က လမ်းပိုင်းလုံခြုံရေးလုပ်ဆောင်နေချိန် အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ကနေ ပြန်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၂ ဦးကို ဖမ်းဆီးရမိခဲ့ပေမဲ့ ပြန်လည်ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးချိန် သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။




Comments