တအာင်းဒေသတွင်း မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ TNLA ထုတ်ပြန်
- BVJ

- Jun 22
- 1 min read
BVJ/အိုင်းရစ် _ ဇွန် ၂၀ ၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နဲ့ နမ္မတူမြို့နယ်တို့မှာ လက်နက်ခဲယမ်းတွေနဲ့ မူးယစ်ဆေးဝါးတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (PSLF/TNLA) က ဒီနေ့ ဇွန် ၂၀ ရက်မှာ ထုတ်ပြန်လာပါတယ်။
တအာင်းထိန်းချုပ်ဒေသ ကွတ်ခိုင်မြို့နယ် ဟိုကျန့်ရွာမှာရှိတဲ့ ဦးဇော်မိုင်နေအိမ်မှာ လက်နက်ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းထားတာရှိတယ်လို့ ကွတ်ခိုင်မြို့နယ် တအာင်းရဲတပ်ဖွဲ့က သတင်းရရှိခဲ့တာကြောင့် ဇွန် ၁၇ ရက်မှာသွားရောက်စစ်ဆေးချိန် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ဟိုကျန့်ကျေးရွာထဲက ဦးဇော်မိုင်နေအိမ်အတွင်း ကာဘိုင် (၂)လက်၊ M-21 (၁) လက်၊ ပစ္စတို (၆)လက်၊ MA-1 (၄) လက်၊ MA-2 (၂) လက်၊ G-3 (၁) လက်၊ ကျည်ဘောက် (၂၃) ခု၊ (၅.၅၆)ကျည် (၇၈) တောင့်၊ 9MM ကျည် (၅၀) ထောင့်၊ 120MM ပြောင်းအထိုင် (၁) ခု၊ ပွိုင့် ၂၂ ကျည် (၃၀၀)ထောင့်နဲ့ ယာမဆေးပြား (၃၆၀) တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အခု ဇွန်လဆန်းပိုင်း ၆ ရက်နေ့ကလည်း လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာကနေ နောင်ချိုမြို့ကိုဆင်းလာတဲ့ အမျိုးသား ၂ ဦးပါ ကားတစ်စီးကို နမ္မတူ-လားရှိုးအစပ် အီနိုင်းတံတား စစ်ဆေးရေးဂိတ်မှာ နမ္မတူမြို့နယ် တအာင်းရဲတပ်ဖွဲ့က စစ်ဆေးချိန် စတားလင့် (၁)လုံး၊ လက်ပစ်ဗုံး (၇)လုံး၊ နင်းမိုင်း (၁)လုံး၊ M9 (၇)လုံး၊ (၅.၅၆)ကျည် (၁၂၈၀)ထောင့်၊ (၇.၆၂)ကျည် (၅၆)ထောင့်၊ 9MMကျည် (၆၆)ထောင့်၊ (၅.၆၅)ကျည် (၅)ထောင့်၊ ယာမဆေးပြား ၁၅၂ ခုနဲ့ ငွေသား ကျပ်သိန်း (၅၀) တို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ TNLA က ဖော်ပြထားပါတယ်။
ယင်းမော်တော်ယာဉ်ပေါ်ပါလာသူ ၂ ဦးက စစ်ကိုင်းတိုင်း မုံရွာမြို့နယ်နဲ့ ဝက်လက်မြို့နယ်တို့မှာနေထိုင်သူတွေလည်း ဖြစ်တယ်လို့ သိရပါတယ်။
လက်နက်ခဲယမ်းတွေနဲ့အတူ TNLA က ဖမ်းဆီးနိုင်ခဲ့တဲ့ ၃ ဦးနဲ့ပတ်သက်ပြီး “လက်နက်ခဲယမ်းနှင့် အတူ ဖမ်းဆီးရရှိသူများအား စစ်ဆေးအရေးယူသွားမှာ ဖြစ်တယ်” လို့ PSLF/TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးကို Burma VJ ကို ဖြေကြားထားပေမဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ပတ်သက်ဆက်နွယ်မှုရှိ မရှိအခြေအနေကိုတော့ ပြန်လည်ဖြေဆိုတာမျိုး မရှိပါဘူး။







Comments